KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခြင်းကို ညီနောင်မဟာမိတ် (၃)ဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခြင်းကို ညီနောင်မဟာမိတ် (၃)ဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခြင်းကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၅)ရက်နေ့တွင် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ၈၈၈၈ အရေးတော်ပုံမှ မကွယ်လွန်မီအချိန်ထိ တော်လှန်ရေးတာဝန်များကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အနုပညာရှင်တစ်ဦးဖြစ်သကဲ့သို့ လူချစ်လူခင်ပေါများသူလည်းဖြစ်သည်ဟု ဖော်ပြထားသည်။

စကားကိုတည့်တိုးပြောတတ်သော်လည်း အလုပ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ချိန်များတွင် တာဝန်ခံမှု၊ တာဝန်ယူမှုကောင်းသော ဗိုလ်ချုပ်အဖြစ် မှတ်ကျောက်တင်ခံရသူဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသည့် တော်လှန်ရေး လမ်းခုလတ်တွင် ဗိုလိချုပ်ကြီး ခေါင်လွမ်း ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်းသည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုများ၊ ကချင်ပြည်နှင့် ကချင်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှုအဖြစ် ညီနောင်(၃)ဖွဲ့က ရှုမြင်ပြီး စစ်ဦးစီးချုပ်၏ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များ၊ မိခင်အဖွဲ့အစည်းနှင့်အတူ ထပ်တူဝမ်းနည်းရသည်ဟု ဖော်ပြထားသည်။

လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းထဲတွင် ရှေ့တန်းစစ်မျက်နှာပြင်ထက် စစ်ရေးတာဝန်များကို အဓိကတာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး KIA ၏လက်ရှိစစ်ရေး အောင်မြင်မှုများတွင် အခရာကျသောသူအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုသည်ဟု ဆိုသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ကချင်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကာလအတွင်း အနစ်နာခံ ပေးဆပ်စွန့်လွတ်မှုနှင့် လုပ်ဆောင်ချက်များအား လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုသည်ဟုလည်း ဖော်ပြထားသည်။

KIA စစ်ဦးစီးချုပ် အမှတ်(၁)စစ်ဒေသ၊ စစ်‌ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း (၆၂)နှစ်သည် ၂၀၂၄ ခုနှစ် မေလ(၁၃)ရက်နေ့ ညနေပိုင်းတွင် အသည်းရောဂါဖြင့် KIAဌာနချုပ် လိုင်ဇာမြို့တွင် ကွယ်လွန်သွားခဲ့ပြီး ဗိုလ်ချုပ်ကြီး၏ စျာပနကို မေလ(၁၆) ရက်နေ့တွင်ပြုလုပ်မည်ဟု သိရသည်။

#TachileikNewsAgency