စစ်ကောင်စီ ခမရ ၁၁၈မှ ဒုတပ်ကြပ်နှင့် တပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် KNLAထံပူးပေါင်း

စစ်ကောင်စီ ခမရ ၁၁၈မှ ဒုတပ်ကြပ်နှင့် တပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် KNLAထံပူးပေါင်း

အာဏာသိမ်းစစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ထံ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့က လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အား မနှစ်သက်သဖြင့် တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၁၈)မှ ဒုတပ်ကြပ် ဇော်မျိုးခိုင်နှင့် တပ်သား အောင်မျိုးဇော်တို့နှစ်ဦးသည် KNLAပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှစ်ဦးတွင် (၆၀)မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ (၆၀)မမ ကျည် (၅)လုံး၊ MA-2 (၁)လက်၊ ကျည်ဘောက် (၅)ခုနှင့် MA-2 ကျည် (၁၅၀)တောင့်တို့ ပါလာခဲ့ပြီး KNLA စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ(၅၀,၀၀၀)စီ ပေးအပ်ခဲ့ကြောင်း KNU က ယနေ့ ဩဂုတ်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ(၂၄)ရက်နေ့ကစတင်ကာ  စစ်ကောင်စီတပ်သည် လက်ခတ်တောင်စခန်းအား ပြန်လည်ရရှိရေးအတွက် လက်နက်အင်အား၊ တပ်အင်းအားဖြည့်တင်း၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကာ တပ်ပြန်ဆုတ်သွားသည်ဟု သိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်သည် လက်ခတ်တောင် စခန်းပြန်လည်ရရှိရေးအတွက် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo :Dooplaya District