စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်နည်းပါးနေကာ မိုးကာ၊ အခြေခံစားသောက်ကုန်၊ မြွေဆိပ်ဖြေဆေးနှင့် အခြေခံဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များတွင် သွေးတိုး၊ ဆီးချိုနှင့် လေဖြတ်ရောဂါ ဖြစ်နေသူများနှင့် ကလေးများတွင် ဖျားခြင်း၊ တီဘီရောဂါနှင့် မျက်လုံးတိမ်ဖုံးခြင်းများ ဖြစ်ပေါ်နေသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များလည်း ရှိကြောင်းသိရသည်။
"လိုအပ်တာတော့ အခြေခံဆေးဝါးတွေနဲ့ သွေးတိုး၊ ဆီးချိုဆေးတွေပေါ့လေ။ အလှူက မရသလောက်ပါပဲ။ အလှူငွေရရှိမှုနည်းတာကြောင့် ကျွန်တော်တို့ တခြားနေရာတွေအတွက် မလှူခဲ့နိုင်ပါဘူး။" ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကန့်ဘလူ စစ်ဘေးရှောင်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း အကူညီအထောက်အပံ့များ ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
"တခါကတော့ ဆရာဝန်တောင်းဖူးတယ်။ သူတို့လည်း ဆရာဝန်မလုံလောက်တော့ မပေးနိုင်ကြဘူး။ တခြားထူးထူးခြားခြား လုပ်ပေးတာတော့မတွေ့ရသေးဘူး။ သူတို့လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုတော့ လုပ်ရတာအကန့်အသတ်တွေရှိမှာပေါ့။"ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် ချပ်သင်းတိုက်နယ်၊ ကိုးထောင်ဘို့တိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်များတွင် မြွေကိုက်ခံရခြင်းများရှိနေပြီး ၂၀၂၃ခုနှစ်၊ ဇွန် လ(၉)ရက်နေ့အထိ မြွေကိုက်ခံရသူ(၇၁)ဦးအထိရှိကာ သေဆုံးသူ (၆)ဦးရှိခဲ့သည်ဟု သိရသည်။
"မြွေဆိပ်ဖြေဆေးက ဘယ်လုံလောက်မလည်းဗျာ။ ကျွန်တော်တို့လည်း လက်လှမ်းမှီသလောက် လှူပေးနေကြတာပါပဲ။ ကျွန်တော်တို့
အလှူလည်းမခံရဲတော့ပါဘူး။ လာလှူတာလေးတွေပေါ်မူတည်ပြီး ပြန်လှူပေးနေရတာမျိုးပါ။"ဟု ၎င်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့သည် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့မှ ဇွန်လ (၇)ရက်အတွင်း စစ်ရှောင်စခန်းနှစ်ခုနှင့် စစ်ဘေးရှောင်ကျေးရွာတစ်ရွာတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သေးသည်။
#TachileikNewsAgency
Photo : ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့
ကန့်ဘလူခရိုင်အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်နည်းပါးနေပြီး အကူအညီများ အရေးပေါ်လိုအပ်
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024