တိုက်ပွဲကြောင့် သံတွဲခရိုင်ဆေးရုံမှ ဆရာဝန်များ တိမ်းရှောင်

တိုက်ပွဲကြောင့် သံတွဲခရိုင်ဆေးရုံမှ ဆရာဝန်များ တိမ်းရှောင်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် တိုက်ပွဲများကြောင့် အစိုးရယန္တရားပျက်သွားပြီဖြစ်ပြီး သံတွဲခရိုင်ဆေးရုံမှ ဆရာဝန်များ တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ရှိ ဝန်ထမ်းများ တိမ်းရှောင်နေကြရာက သံတွဲခရိုင်ဆေးရုံကြီးရှိ ဆရာဝန်များလည်း တိမ်းရှောင်နေသဖြင့် ဒေသခံများ ဆေးကုသရေး ခက်ခဲလာသည်ဟု သိရသည်။

“အရင်တုန်းကတော့ ရှိတဲ့ဆရာဝန်လည်းရှိတာပေါ့။ ဒီနေ့တော့ သမားတော်တွေလည်း ပြေးကြပြီ။ တိုက်ပွဲဖြစ်ကတည်းက မီးပြတ်နေတော့ ဆေးရုံက မီးလည်းမရဘူး။ အလှူရှင်တချို့က မီးစက်မောင်းပေးနေရတာပေါ့။ အခုက ဘယ်သူမှမရှိတော့ဘူး။ ဆရာဝန်တွေလည်း မရှိတော့ဘူးပြောလို့ရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်က သံတွဲခရိုင်ဆေးရုံသို့ စစ်ကောင်စီတပ်သားတချို့ရောက်သော်လည်း အရေးပေါ်ကုသကာ စစ်ကောင်စီတပ်က ဆေးရုံတွင်မထားဘဲ ရန်ကုန်ရှိ စစ်ဆေးရုံကိုသာ ပို့ဆောင်သည်ဟုလည်း ဆိုသည်။

“သံတွဲခရိုင်ဆေးရုံမှာမထားဘူး။ အရေးပေါ်ကုပေးပြီး ရန်ကုန်စစ်ဆေးရုံကို တန်းပို့တာပဲ။ ကြာလာရင် တိုက်ပွဲကြောင့် ထွက်မရဘဲ ပိတ်မိသွားမှာစိုးတော့ တိမ်းရှောင်ကြတာပေါ့။ ဒေသခံ ဆရာ၊ ဆရာမတွေကတော့ ရှိနေသေးတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆေးရုံမှ ဆရာဝန်များအပြင် ကျောင်းဆရာ၊ ဆရာမများလည်း တိုက်ပွဲအခြေအနေကြောင့် ရန်ကုန်သို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။

“သိရသလောက်တော့ ကျောင်းတစ်ကျောင်းမှာ ဆရာ၊ ဆရာမ အနည်းဆုံး (၂)ယောက်လောက်ကတော့ ရှောင်နေကြပြီ။ ရှိနေတဲ့ ဆရာ၊ ဆရာမတွေလည်း ကျောင်းသွားတဲ့သူကနည်းတယ်။ ကိုယ့်အသက်နဲ့ဆိုင်လာတော့လည်း ဘယ်လိုလုပ်သွားကြတော့မလဲ။ ဆီဈေးကလည်းတက်နေတော့ ဆိုင်ကယ်နဲ့သွားရတာ။ အစိုးရက ဆီဖိုးစိုက်ထုတ်ပေးတာမဟုတ်လို့ ကုန်ကျစရိတ်ကြီးတယ်။”ဟု ဆရာမတစ်ဦးက ပြောသည်။

တိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ရှိ ဌာနဆိုင်ရာများအတွင်းနေထိုင်သည့် ဝန်ထမ်းများကိုလည်း စစ်ကောင်စီက နှင်ချထားရာ မြို့အတွင်း၌ အိမ်ငှားနေကြရသည်အထိ ဖြစ်နေသည်။

သံတွဲမြို့တွင် ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ခမရ(၅၆၆)တပ်ရင်း အနီး၌ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

#TachileikNewsAgency