နိုင်ငံအဝှမ်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် လေတပ်အရာရှိများ၏ လိပ်စာနှင့် အချက်အလက်ကို သိရှိပါက ပြောကြားနိုင်ကြောင်း ဗမာ့လူငယ်ကွန်ယက်က ယနေ့မတ်လ(၄)ရက်တွင် ထုတ်ပြန်သည်။
အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုသည် နယ်မြေစိုးမိုးမှု ကောင်းစွာ မပြုလုပ်နိုင်သည့် တိုင်းရင်းသားဒေသများနှင့် ထိတွေ့တိုက်ပွဲဖြစ်သောဒေသများတွင် လက်နက်ကြီးပစ်ကူများအပြင် လေကြောင်း ထိုးစစ်များပြုလုပ်ပြီး ပြည်သူလူထုအပေါ်အကြမ်းဖက်တိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကြောင့် ယင်းသို့အချက် အလက်များပေးပို့နိုင်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
ဗမာ့လူငယ်ကွန်ယက်သည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများနေရာယူထားသည့် ကင်းရုံကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ (၂)ဦး သေပြီး(၅)ဦးဒဏ်ရာရရှိခဲ့သေးသည်။
ဖေဖော်ဝါရီလ (၈)ရက်ကလည်း တာမွေမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel Show Room ကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဗမာ့လူငယ်ကွန်ရက်အဖွဲ့က ထုတ်ပြန်ခဲ့သည်။