မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးစစ်ကောင်စီတပ်သားနှင့် မိသားစုဝင်ရာချီကို ဖမ်းဆီးရမိ

မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးစစ်ကောင်စီတပ်သားနှင့် မိသားစုဝင်ရာချီကို ဖမ်းဆီးရမိ

ချင်းပြည်နယ် မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင်တပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များအပါအဝင် ဝန်ထမ်းဦးရေ ရာချီပြီး ဖမ်းဆီးရမိသည်ဟု သိရသည်။

ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များသည် မတူပီမြို့နယ်ရှိ ခမရ(၃၀၄)၊ ခလရ(၁၄၀)နှင့် မတူပီအခြေချ စစ်ဗျူဟာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၄ခုနှစ် ဇွန်လ(၂၉)ရက်နေ့တွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များနှင့် အရပ်ဘက်ဝန်ထမ်းများ ဦးရေ(၁၂၀)ဝန်းကျင်ကို ဇူလိုင်လ(၁၇)ရက်နေ့တွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်များက လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ပထမအသုတ်အနေဖြင့် ဖမ်းဆီးရမိသည်ဟု သိရသည်။

ဇူလိုင်လ (၂၅)ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်နေသည့် လက်ကျန်စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များအပါအဝင် စစ်ကြောင်း(၂)ကြောင်းနှင့် (၂)နာရီကြာ တိုက်ပွဲဖြစ်ပြီးနောက် ဒုတိယအသုတ်ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သည့်အပြင် ထွက်ပြေးလွတ်မြောက်နေသူများလည်းရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို ရှားပါးဆေးဝါးများဖြင့် ကုသပေးထားပြီး ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်ထားကာ ဖမ်းဆီးရမိသည့်နေရာမှ လုံခြုံသောနေရာသို့ သွားလာရာလမ်းခရီးတွင် အစာငတ်ခြင်း၊ ဆေးဝါးမရှိခြင်း၊ တိုက်ပွဲအတွင်းမှ ပြင်းထန်ဒဏ်ရာများရရှိထားခြင်းကြောင့် သုံ့ပန်းများထဲမှ သေဆုံးသူတချို့ရှိသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: ZPU/PDF Zoland (Official)