ရွှေဘိုမြို့တွင် အာဏာသိမ်းစစ်တပ်ပိုင် မြဝတီဘဏ် ဒုတိယအကြိမ် ဗုံးခွဲခံရ

ရွှေဘိုမြို့တွင် အာဏာသိမ်းစစ်တပ်ပိုင် မြဝတီဘဏ် ဒုတိယအကြိမ် ဗုံးခွဲခံရ
နိုဝင်ဘာ 16, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့ခင်းပိုင်းက ဒုတိယအကြိမ်မြောက်အဖြစ်   မြဝတီဘဏ်  ဗုံးခွဲခံရ၍    အာဏာသိမ်းစစ်တပ်၏  စစ်သားအချို့ ထိခိုက်မှုရှိကြောင်း သိရသည်။

 

ကိုယ့်မှာဘဏ်ထဲအဝင် ဘေးကအ‌စောင့်အကြပ်‌တွေနဲ့ ဘဏ်မှာ ဗုံးကွဲတာ။ လန့်တော့ လန့်သွားတာ စပ်စုချင်လို့ ပြန်ထွက်အကြည့် လမ်းတွေအပြည့်ပိတ်ပစ်တာ။  ဘဏ်ကဝန်ထမ်းတွေက အမြန်ဝင်ပါဆိုပြီး ဆွဲသွင်းပြီး တံခါးတွေပိတ်ချပစ်တာ။ သေချာမကြည့်လိုက်ရဘူး။ နှစ်ယောက်ထိတယ်တော့ ကြားတယ်။ ဆေးရုံမှာအထဲက လူနာလာတွေ့သူတွေတောင် နှင်ထုတ်တယ်

ဟု ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်နှင့်နေ့ခင်းပိုင်းအတွင်း ရွှေဘိုမြို့ရှိ အခွန်ရုံးနှင့် မြဝတီဘဏ်တို့တွင် ဖောက်ခွဲမှုလုပ်ဆောင်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

"အကြမ်းဖက် စကစအား သက်ဆိုးရှည်စေရန် ဒေါက်တိုင်အဖြစ် ဝင်ငွေရှာပေးနေသော/ အခွန်‌များကောက်ခံပေးနေသော ရွှေဘိုမြို့အခွန်ရုံးအား အုံးခဲ့ပြီး မြဝတီဘဏ်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စခ ဘန်ကာထဲသို့ ဩဇာသီးတစ်လုံးပစ်ပေးခဲ့ရာ စခအချို့ ဂိန်ဂိန်မြည်သွားကြောင်း"ဟု  ရွှေဘိုပြည်သူကာကွယ်ရေးတပ်ဖွဲ့က နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။  

ရွှေဘိုမြို့ရှိ  စစ်တပ်ပိုင် မြဝတီဘဏ်တွင်  ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ကလည်း ဗုံးခွဲခံရ၍ ဘဏ်တွင် စောင့်ပေးနေသည့် အာဏာသိမ်းစစ်တပ်ဘက်က စစ်သား(၂)ဦး ဒဏ်ရာရရှိသွားမှုလည်း ဖြစ်ပွားခဲ့ဖူးကြောင်း နှင့် ယခုအကြိမ်မှာ ဒုတိယအကြိမ် ဖောက်ခွဲခံရခြင်း ဖြစ်ကြောင်း သိရသည်။