မတူပီသို့ လာသည့် ယာဉ်(၈၀)ပါ စစ်ကောင်စီ ယာဉ်တန်းကို CDF မတူပီက မိုင်းခွဲ တိုက်ခိုက်

မတူပီသို့ လာသည့် ယာဉ်(၈၀)ပါ စစ်ကောင်စီ ယာဉ်တန်းကို CDF မတူပီက မိုင်းခွဲ တိုက်ခိုက်

မကွေးတိုင်း၊ ကျောက်ထုမှ ချင်းပြည်နယ်၊ မတူပီသို့လာသည့် ယာဉ်(၈၀)ကျော်ပါ အာဏာသိမ်းစစ်ကောင်စီတပ်စစ်ကြောင်းကို ဧပြီလ(၅)ရက်နေ့ နေ့လည်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CDF မတူပီက သတင်းထုတ်ပြန်လာသည်။

၎င်းစစ်ကြောင်းကို မတူပီမြို့မှ (၂၈)မိုင်အကွာတွင် CDF မတူပီမှ ထောင်ထားသည့် မိုင်းနင်းမိသဖြင့် မိုင်း(၄)လုံးကွဲကာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် ညဘက်တွင် မင်းတပ်-မတူပီ မိုင်တိုင်(၇၇) သို့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဒါ့အပြင် ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့ အထက(၁)ကျောင်း၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲများကို ဝင်ရောက်တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland က  စီစဉ်ခဲ့သော်လည်း (၁၀) တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းများ၊ CDM မဝင်သော ကျောင်းဆရာ၊ ဆရာမများနှင့်အတူ ရောက်လာသည့်အတွက် ပစ်ခတ်မည့် အစီအစဉ်အား ရပ်ဆိုင်းခဲ့ရကြောင်း PDF Zoland က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများ မထိခိုက်စေရန်နှင့် အာဏာသိမ်းစစ်ကောင် စီတပ်ဖွဲ့ဝင်များအား ခြောက်လှန့်ရန်အတွက် ၎င်းတို့နှင့်မနီးမဝေးတွင် ဖောက်ခွဲမှု(၂)ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။