ပြင်ဦးလွင်ကို တော်လှန်ရေးတပ်များဝင်တိုက်မည်ဆိုသည့်သတင်းကြောင့် တပ်မိသားစုဝင်များ တိမ်းရှောင်

ပြင်ဦးလွင်ကို တော်လှန်ရေးတပ်များဝင်တိုက်မည်ဆိုသည့်သတင်းကြောင့် တပ်မိသားစုဝင်များ တိမ်းရှောင်

စစ်ကောင်စီ၏ စစ်ဗိုလ်များမွေးထုတ်ရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက တိုက်ခိုက်တော့မည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့် စစ်ကောင်စီတပ်မိသားစုဝင်များ ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၇)ရက်နေ့တွင် တိမ်းရှောင်နေပြီဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းမြစ်ထံမှ သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့် ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် နောင်ချိုမြို့သည် ပြင်ဦးလွင်နှင့် (၃၅)မိုင်ဝန်းကျင်သာဝေးပြီး လက်ရှိတွင် နောင်ချိုမြို့နယ် ရွှေမုဠောရွာအနီးတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်များကလည်း ပြင်ဦးလွင်သို့တက်မလာနိုင်ရန် ဝက်ဝံရွာတွင် ဂိတ်ချကာပိတ်ဆို့ထားသည်ဟု သိရသည်။

“တော်လှန်ရေးတပ်တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် ပြောင်းရွှေ့ကြတာ။ တပ်ကလူတွေလည်း စိတ်ဓာတ်တွေကျကုန်ပြီ။ တိုင်းစစ်ဌာနချုပ်ကျသွားတော့။ မြို့တွင်းတပ်တွေက ဘာမှပြင်ဆင်ထားတာမရှိဘူး။ နောင်ချိုဘက်နေဝင်လာလို့ရတဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဆို အစစ်အဆေး တင်းကြပ်ထားတယ်။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များသည် မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ ထွက်ပြေးနေကြပြီး ထွက်မပြေးနိုင်သူများမှာ နီးစပ်ရာြမို့နယ်များတွင် ခိုအောင်းနေကြရသည့်အခြေအနေဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်(မန္တလေး)က သိမ်းပိုက်ထားသည့် စဉ့်ကူးနှင့် ပြင်ဦးလွင်မှာ (၉၇)မိုင်ခန့်ဝေးကာ တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့နယ်တို့သည် ပြင်ဦးလွင်မြို့မှာ (၆၃)မိုင်ခန့်ဝေးသည်။

“တပ်မိသားစုဝင်တွေပဲ ပြောင်းရွှေ့တာ၊ တပ်သားတွေကတော့ အေးဆေးပဲ။ ဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် ပြေးကြတာလို့ပြောတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ စစ်တက္ကသိုလ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်း၊ တပ်မတော် အင်ဂျင်နီယာကျောင်း၊ အမှတ်(၉၅၈)ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၁)တပ်မတော်ဆေးရုံ ကုတင်(၇၀၀)၊ သွားဆေးကုဌာန အမှတ်(၁)စစ်ဆေးရုံ၊ တပ်မတော် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကျောင်း၊ ထောက်ပံ့ရေးစခန်း၊ အမှတ်(၁)တပ်ထိန်း တပ်ဆွယ်၊ အမှတ်(၁)တပ်မတော်အသံလွှင့်တပ်တို့ရှိနေသည်။

#TachileikNewsAgency