နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချနိုင်ရန် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ်ကောင်စီ ဆက်လက်လုပ်ဆောင်နေ

နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချနိုင်ရန် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ်ကောင်စီ ဆက်လက်လုပ်ဆောင်နေ

နိုင်ငံအနှံ့တော်လှန်ရေး အားကောင်းလာမှုနှင့်အတူ ကျရှုံးလာနေသည့် စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက်တစ်ခုဖြစ်သည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အားမလျှော့သေးဘဲ ကြိုတင်ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း Burma Affairs & Conflict Study၏ အချက်အလက်နှင့်စာရင်းကောက်ယူမှုအရ သိရသည်။

စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အသုံးချနိုင်ရန် ပြည်သူလူထု အသိအမှတ်မပြုသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာလည်း ဆက်လက်လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း BACS မှ ဆိုသည်။ 

၂၀၂၄ ခုနှစ် မတ်လအတွင်းတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် နိုင်ငံတဝန်းတွင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု စုစုပေါင်း အကြိမ် (၉၀) ခန့်ရှိခဲ့ပြီး ပန်းခင်းစီမံချက် အဆင့် (၃) (၃၇) ကြိမ်၊ Biometrics Data ကောက်ယူမှု ( ၂၇) ကြိမ်၊ ၂၀၂၄ သန်းခေါင်စာရင်း အဆောက် အအုံစာရင်းတင်ခြင်း (၁၁) ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဝါဒဖြန့်မှု (၇) ကြိမ်၊ သန်းခေါင်စာရင်းဆိုင်ရာ လုပ်ဆောင်မှု (၅) ကြိမ်၊ MEVM မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲ ဦးစီးမှူးသင်တန်းပေးခြင်းနှင့် မဲစာရင်းဆိုင်ရာ လုပ်ဆောင်ခြင်း တို့ကို (၁) ကြိမ်စီ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ 

ဇီဝအချက်အလက် (Biometric Data) ကောက်ယူမှုများကို ဧရာဝတီ၊ ပဲခူး၊ ကချင်၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းနှင့် ရန်ကုန်တိုင်းတို့တွင် အဓိကထား ဖြန့်ကျက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများကို အများဆုံးအဖြစ် ဧရာဝတီတိုင်းတွင်း၌ (၂၇) ကြိမ် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းတွင် (၁၈) ကြိမ်၊ ရှမ်းပြည်နယ်တွင် (၁၅) ကြိမ်၊ နေပြည်တော်တွင် (၉) ကြိမ်၊ ပဲခူးနှင့် မန္တလေးတိုင်းတို့တွင် (၆) ကြိမ်စီ လုပ်ဆောင်ခဲ့ကြောင်း BACS ၏ စာရင်းကောက်ယူမှုအရသိရသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကချင်၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် လှုပ်ရှားမှု နည်းပါးခဲ့ပြီး ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်နီ(ကယား) ပြည်နယ်များတွင် လှုပ်ရှားမှု လုံးဝမရှိခဲ့ကြောင်းသိရသည်။

ရုရှား TASS သတင်းဌာနနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မတ်လ (၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရရှိလျှင် တနိုင်ငံလုံး အတိုင်းအတာအထိ မလုပ်နိုင်သေးလျှင်ပင် ရသလောက် နယ်မြေများတွင် ရွေးကောက်ပွဲအား အပိုင်းလိုက် ကျင်းပရန် စီစဉ်နေကြောင်း မင်းအောင်လှိုင်မှ ဆိုသည်။

မတ်လအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP) စသည့် ပါတီ ၅ ခုတွင် ပါတီတွင်း စည်းရုံးရေး၊ လူထုစည်ရုံးရေးနှင့် အခြားသောလှုပ်ရှားမှုများ ရှိခဲ့ကြောင်း BACS၏ စာရင်းကောက်ယူမှုအရသိရသည်။

မတ်လအတွင်း USDP ပါတီက နိုင်ငံတစ်ဝန်း လှုပ်ရှားမှု (၅၂) ကြိမ်နှင့် အများဆုံး လှုပ်ရှားထားပြီး PPP ပါတီက (၈) ကြိမ်၊ NUP ပါတီက (၇) ကြိမ်၊ PP ပါတီက (၆) ကြိမ်နှင့် UPUP ပါတီက (၁)ကြိမ် အသီးသီးလှုပ်ရှားခဲ့ကြောင်းသိရသည်။

USDP ပါတီက လူထုစည်းရုံးရေးလှုပ်ရှားမှု အကြိမ် (၂၀) ပြုလုပ်ခဲ့ပြီး ဘာသာရေးအကြောင်းပြ စည်းရုံးမှုကို အများဆုံးပြုလုပ်ခဲ့ကာ ပြည့်မဏ္ဍိုင် စီမံကိန်းနှင့် ရပ်ကျေးကွင်းဆင်းတွေ့ဆုံစည်းရုံးခြင်းကို ဒုတိယအများဆုံးပြုလုပ်ခဲ့ကြောင်းသိရသည်။

လူမှုရေးနှင့် အလှူအတန်းပြုလုပ်ပြီး စည်းရုံးခြင်းနှင့် စာသင်ကျောင်း၊ ရပ်ရွာသာယာရေးလုပ်ငန်းများတွင် ပါဝင်ပြပြီး စည်းရုံးခြင်းတို့ကိုလည်း (၁) ကြိမ်စီ ပြုလုပ်ခဲ့ကြောင်း BACS မှဆိုသည်။

PPP၊ NUP နှင့် PP တို့ကလည်း လူထုစည်းရုံးရေး (၁) ကြိမ်စီ ပြုလုပ်ခဲ့ကြပြီး UPUP အနေဖြင့် ပါတီရုံးခန်းသစ်ဖွင့်ပွဲ (၁) ကြိမ်သာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံရေးပါတီများ၏ ပြည်နယ်နှင့် တိုင်းအလိုက် လှုပ်ရှားမှုများအနေဖြင့် ပြည်နယ်နှင့် တိုင်း (၉) ခု၏ မြို့နယ် (၃၅) မြို့နယ်တွင် လှုပ်ရှားခဲ့ကြကြောင်းသိရသည်။

အကြိမ်ရေအများဆုံး အဖြစ် ရန်ကုန်တိုင်းတွင် အကြိမ် (၄၀) ပြုလုပ်ခဲ့ကြပြီး မန္တလေးတိုင်းတွင် (၁၄) ကြိမ်၊ နေပြည်တော်နှင့် မကွေးတိုင်းတွင် (၆) ကြိမ်စီ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တွေတို့တွင် (၂)ကြိမ်စီ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းတွင် (၁) ကြိမ်စီ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရကြောင်း BACS ၏  စာရင်းနှင့်အချက်အလက်ကောက်ယူမှုအရသိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီလော်ဘီချန်နယ်များ ၊ သတင်းချန်နယ်များတွင် ပါဝင်သည့် ဝါဒဖြန့်အကြောင်းအရာများကို စောင့်ကြည့်ပြီး စာရင်းနှင့်အချက်အလက်ကောက်ယူခြင်းနှင့် တော်လှန်ရေးအင်အားစုများ သတိပြုရမည့် စစ်ကောင်စီ၏ ဝါဒဖြန့်အကြောင်းအရာများကို အပတ်စဉ်ဖော်ထုတ်တင်ပြနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study