တရုတ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းမည်ဟု စစ်ကောင်စီသံအမတ်ပြောဆို

တရုတ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းမည်ဟု စစ်ကောင်စီသံအမတ်ပြောဆို
ဇန်နဝါရီ 9, 2025 | အခြားဒေသများ

တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရေးစောင့်ရှောက်ရေး ကြိုးပမ်းမည်ဖြစ်ပြီး မြန်မာပြည်တွင်းရေးကို ထောက်ခံကူညီပေးသော အာဆီယံနိုင်ငံများကို ကျေးဇူးတင်သည်ဟု စစ်ကောင်စီခန့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေက ပြောသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ရှိသည့် မြန်မာသံရုံး၌ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့က ပြုလုပ်သော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲတွင် ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

“မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို ပိုမိုခိုင်မာစေရန်နှင့် တစ်နိုင်ငံ၏အကျိုးစီးပွားကို တစ်နိုင်ငံမှ ကာကွယ်စောင့်ရှောက်နိုင်ရေး လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကိစ္စရပ်များအပေါ် အပြုသဘောဆောင် ထောက်ခံကူညီပေးပါသော အာဆီယံနိုင်ငံများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း”ဟု ဦးတင်မောင်ဆွေက ပြောသည်။

ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရင်းခံဖြစ်သကဲ့သို့ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်ရေး၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် စည်းကမ်းပြည့်ဝပြီး စစ်မှန်သည့်ပါတီစုံဒီမိုကရေစီစနစ်ကို အုတ်မြစ်ချခြင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ရည်မှန်းချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဖော်ဆောင်နေသည်ဟုလည်း ပြောသည်။

“ကမ္ဘာ့အရေးနှင့်ပတ်သက်ပြီး ပထဝီနိုင်ငံရေးစိန်ခေါ်မှုများအကြား၌ အရေးပါဆုံးဒေသတွင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်သော အာဆီယံ၏ အချက်အခြာကျမှုကို ထောက်ခံအားပေးရင်း မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလများတွင်လည်း အာဆီယံစိတ်ဓာတ်ဖြင့် အဖွဲ့အစည်း၏ အကျိုးစီးပွားကို မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ချိန်ညှိပြီး တက်ကြွစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ဆက်ပြောသည်။

သံအမတ်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်မြင့်မားရေးအတွက် ဂုဏ်ပြုဆုတောင်းသည်ဟု ဆိုသည်။  

အဆိုပါပွဲကို တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sun Weidong၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ တရုတ်နိုင်ငံ အစိုးရဝန်ကြီးဌာနများနှင့် နိုင်ငံပိုင်ကုမ္ပဏီများ၊ ပေကျင်းမြို့အခြေစိုက် သံအမတ်များ၊ အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ ဒုတိယအတွင်းရေးမှူးချုပ် စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်သည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: Ministry of Foreign Affairs Myanmar