မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်သည့် Non-CDM များအား စစ်ကောင်စီကဲ့သို့ သဘောထား အရေးယူသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖ ကြေညာ

မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်သည့် Non-CDM များအား စစ်ကောင်စီကဲ့သို့ သဘောထား အရေးယူသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖ ကြေညာ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပက်သက်သည့် Non CDM များအား စစ်ကောင်စီကဲ့သို့ သဘောထား အရေးယူသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖ မှ ယနေ့ စက်တင်ဘာလ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းတုန်းမြို့နယ်အတွင်း Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအား ဆက်လက်ဝန်းရံကာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပက်သက်မှုများ ပြုလုပ်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီကဲ့သို့ တန်းတူပစ်မှတ်ထား အရေးယူသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖ က ဆိုသည်။

စစ်ကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များကို လက်နက်အားကိုးဖြင့် ပယ်ဖျက်ရန် ကြိုးပမ်းခဲ့သည့်အပြင် လက်ရှိအချိန်တွင်လည်း ရွေးကောက်ပွဲအတုအယောင်တစ်ခုကို မသမာသောနည်းဖြင့် ကျင်းပရန် လုပ်ဆောင်နေကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖ က အသိပေးထားသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် လာမည့် အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ပြီး (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံသွားမည်ဟု အသိပေးထားပြီး ၊ သန်းခေါင်စာရင်းကောက်ယူရန်အတွက် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများတွင် Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းများအား သင်တန်းပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ (၂၃) ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီက ပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်နေသည့် Non-CDM ဝန်ထမ်းများအား စစ်ကောင်စီကဲ့သို့ သဘောထားအရေးယူသွားမည်ဖြစ်ကြောင်း CDF–Hakha အဖွဲ့က ချင်းဘာသာစကားဖြင့် အသိပေးချက် ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency