တနင်္သာရီမြို့နယ်အတွင်း (၃)ရက် ဆက်တိုက် တိုက်ပွဲတွင် နှစ်ဘက် ကျဆုံးမှုရှိ

ပုံအညွှန်း - ပုံဟောင်းဖြစ်သည်။
ပုံအညွှန်း - ပုံဟောင်းဖြစ်သည်။
တနင်္သာရီမြို့နယ်အတွင်း (၃)ရက် ဆက်တိုက် တိုက်ပွဲတွင် နှစ်ဘက် ကျဆုံးမှုရှိ
ဇန်နဝါရီ 27, 2023 | 2021 Military Coup| အခြားဒေသများ

 တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းသို့ လာသည့် စစ်ကောင်စီတပ်များနှင့် ရဲကင်းဂိတ်၊ လဝကရုံးတို့ကို ဒေသကာကွယ် ရေးတပ်များက (၃)ရက်ကြာတိုက်ခိုက်ခဲ့ရာ နှစ်ဘက် ကျဆုံးမှုရှိခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ် ပြန်သည်။

စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့မှ စတင်ကာ( ၂၆ )ရက်အထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၁၀) ဦးကျော်သေပြီး ကာကွယ်ရေးတပ်များဘက်က စစ်အာဏာရှင်ကို တော်လှန်ရင်း ရဲဘော် (၃)ဦးသည် နိုင်ငံတော်အတွက် အသက်ပေးခဲ့ကြရကြောင်း သိရသည်။ 

 

ဇန်နဝါရီလ (၂၃)ရက်နေ့က မြိတ်မှ တနင်္သာရီသို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး ပြည်သူ့ကာကွယ်‌တပ်မ‌တော် မြိတ်ခရိုင်တပ်ရင်း(၂)၏ တပ်ခွဲ(၂)၊မြိတ်(ပကဖ)၊ တနင်္သာရီ(ပကဖ)ပူးပေါင်းအဖွဲ့နှင့် စစ်‌ကောင်စီအဖွဲ့တို့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် ယင်းနေ့ညပိုင်းတွင်လည်း ၎င်းယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးသူများရှိခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ (၂၄)ရက်တွင် တနင်္သာရီတံတား ရဲကင်းဂိတ်၊ ဗောဓိကမ်းတံတားထိပ်နှင့် လဝကရုံး(၃)နေရာအား ပြည်သူ့ကာကွယ်‌ တပ်မ‌တော် မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ မြိတ် (ပကဖ)၊ တနင်္သာရီမြို့နယ်(ပကဖ)နှင့် တောကြီးမြွေဟောက် (King Bar Force)ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့်ဆက်တိုက်ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၂၅)ရက်နှင့် (၂၆)ရက်နေ့တွင်လည်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

 

#TachileikNewsAgency