KNU ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်

KNU ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်
ဇူလိုင် 24, 2024 | 2021 Military Coup

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နော်စီဖိုးရာစိန်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

“သတင်းကတော့ မှန်ကန်ပါတယ်။”ဟု  ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။

ကရင်အမျိုးသားတော်လှန်ရေးခေါင်းဆောင် KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် တာမလာဘော၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်သည် ကရင်အမျိုးသားအစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်အမျိုးသမီး ဒုက္ခသည်များအား အကူအညီပေးသည့် ကရင်အမျိုးသမီး အစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး တိုက်ပွဲဝင်ခဲ့သည့် နော်စီဖိုးရာစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA စာချုပ်ကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးကို အားပေးခဲ့သူလည်းဖြစ်သည်။

နော်စီဖိုးရာစိန်သည် ကွယ်လွန်ချိန်တွင် အသက် (၆၉)နှစ်ရှိပြီဖြစ်သည်။

#TachileikNewsAgency