ဇူလိုင်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ထိတွေ့တိုက်ပွဲ ၅၁ ကြိမ် ဖြစ်ပွား

ဇူလိုင်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ထိတွေ့တိုက်ပွဲ ၅၁ ကြိမ် ဖြစ်ပွား

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ (၅၁) ကြိမ် ဖြစ်ပွားကြောင်း တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်ပိုင်းတိုင်းစစ်ဒေသတွင် ဇူလိုင်လအတွင်း၌ ထိတွေ့တိုက်ပွဲပေါင်း (၅၁)ကြိမ်၊ စစ်ကောင်စီများ အထိုင်ချတပ်စွဲထားသည့် စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့် တိုက်ခိုက်မှု (၃၀)ကြိမ်နှင့် အထက်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၄)ကြိမ်နှင့် အထက်၊ မိုင်းဆွဲတိုက်ခိုက်မှု (၈) ကြိမ် နှင့်အထက်၊ စစ်ကောင်စီ သတင်းပေးဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု (၅)ကြိမ် အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သား စုစုပေါင်း (၁၆၇)ဦး သေဆုံး၍ (၁၅၄)ဦး ဒဏ်ရာရကာ ၊ စစ်ကောင်စီ သတင်းပေး၊ မိသားစုဝင်များ၊ လက်နက်ချအညံ့ခံသူများ၊ သုံ့ပန်းအနေဖြင့် ဖမ်းဆီးရမိခဲ့သူများလည်းရှိခဲ့ပြီး ၎င်းတို့အားလုံးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည်အမြောက်အများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအား တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်စွာ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းများ၊ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းများ၊ လေကြောင်းမှတိုက်ခိုက်ခြင်းများနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် တောင်ပိုင်းစစ်ဒေသအတွင်း ပြည်သူ (၁၆)ဦး သေဆုံးပြီး (၃၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီမှ အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်းနှင့် လူသားဒိုင်းပြုလုပ်ရန် မတရားဖမ်းဆီးခေါ်ဆောင်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် အာဏာသိမ်း စစ်ကောင်စီအား အဘက်ဘက်မှ ထိုးနှက်နေပြီး ၊ တော်လှန်ရေးတပ်ဖွဲ့များမှ တန်ပြန်တိုက်စစ်အနေဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသမှ အသိပေးထားသည်။

#TachileikNewsAgency