မူဆယ်တွင် ကျွဲခတ်ခံရကာ တစ်ဦးသေ အများအပြား ဒဏ်ရာရ

မူဆယ်တွင် ကျွဲခတ်ခံရကာ တစ်ဦးသေ အများအပြား ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုနယ် မိုင်းယု(၁၀၅)မိုင်ရွာတွင် ကျွဲတစ်ကောင် ရွာအတွင်းဝင်၍ လိုက်လံရမ်းခတ်မှုကြောင့် အမျိုးသမီး(၁)ဦးသေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရရှိကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဇွန်လ (၂၂)ရက်နေ့ ညနေပိုင်းက ကားပေါ်တင်ဆောင်လာသည့် ကျွဲတစ်ကောင်သည် ကားပေါ်မှ လွတ်မြောက်ပြီး ရွာအတွင်းသို့ ဝင်ရောက်ကာ ရမ်းခတ်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ကျွဲခတ်ခြင်းကြောင့် နယ်မြေ(၃)နေ ဒေါ်ကြာအေး အသက်(၅၂)နှစ်သည် နံရိုးနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရပြီး ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဥ် ယနေ့ ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသည်ဟု သိရသည်။

ကျွဲခတ်မှုကြောင့် ညှပ်ရိုး၊  နံရိုးကျိုး၊ ကျောအဆစ်ပြားနှင့် ရင်ဘတ် ပြင်းထန်ဒဏ်ရာရရှိသူ (၃)ဦးကို လက်ရှိ ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

ကျန်ရှိ ပေါင်နှင့် လက်ဒဏ်ရာအနည်းငယ် ရရှိသည့် (၁၆)ဦးကို (၁၀၅)မိုင် ဆေးခန်းနှင့် ကြက်ခြေနီရုံးဆေးခန်းတို့တွင် ဆေးကုသပေးနေသည်ဟု သိရသည်။

အဆိုပါကျွဲအား ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း မရရှိသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးမှုနှင့် ထိခိုက်နစ်နာမှု ကြုံတွေ့ခံစားခဲ့ရသူများအတွက် ကုစားပေးနိုင်ရန်အတွက် PSLF/TNLA တာဝန်ရှိသူများမှ ကျွဲပိုင်ရှင်နှင့်အတူ ဆောင်ရွက်နေကြောင်းသိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News