TNLA သိမ်းထားသည့် မန်တုံမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ

TNLA သိမ်းထားသည့် မန်တုံမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ
စက်တင်ဘာ 4, 2024 | 2021 Military Coup| ရှမ်းမြောက်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက TNLA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီးနောက် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့ ညပိုင်းတွင် မန်တုံမြို့အား လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲရာ ဒေသခံ(၂)ဦး ဒဏ်ရာရပြီး နေအိမ်နှင့် စက်ရုံများ ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ည(၁၀)နာရီခွဲကျော်တွင် TNLA သိမ်းပိုက်ထားသည့် မန်တုံမြို့ကို ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချသွားခြင်းဖြစ်ပြီး အိမ်(၅)လုံးထက်မနည်း ထိမှန်ပျက်စီးကာ ဆောက်လုပ်ရေးရုံး၊ လဖက်စက်ရုံနှင့် ကားများလည်း ပျက်စီးသွားကြောင်း သိရသည်။ 

“Jet fighter နဲ့ နှစ်ကြိမ် ပေါင်(၅၀၀)ဗုံးနှစ်လုံးကြဲတာ။ အရပ်သားဒေသခံ(၂)ဦးထိတယ်။ အိမ်(၅)လုံးထက်မနည်း ထိမှန်တယ်။ ဆောက်လုပ်ရေးရုံး ထိမှန်ပျက်စီးတယ်။ လဖက်စက်ရုံလည်းပါတယ်။ အရပ်သားနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ပဲ သိရသေးတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

ပျက်စီးသွားသည့် စက်ရုံများမှာ TNLA ပိုင်မဟုတ်ဘဲ ဒေသခံများပိုင် စက်ရုံများသာဖြစ်ပြီး အသေးစိတ်အချက်အလက်ကို TNLA ဘက်က ထုတ်ပြန်နိုင်ရန် စာရင်းကောက်ယူနေဆဲဖြစ်သည်ဟု ဆိုသည်။ 

TNLA သည် မန်တုံမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ကာ TNLA ၏  အုပ်ချုပ်ရေးလည်ပတ်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ