မင်းပြားမြို့ရှိ ခမရ ၃၇၉ တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်

မင်းပြားမြို့ရှိ ခမရ ၃၇၉ တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်း ခမရ (၃၇၉)အား ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ(၃၈၀)ကို ယမန်နေ့တွင် AAက သိမ်းပိုက်ရရှိခဲ့ပြီးနောက် လက်ရှိတွင် ကျန်ရှိနေသေးသည့် ခမရ (၃၇၉)နှင့် ခမရ (၅၂၄)တို့အနက် ခမရ (၃၇၉)တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဖက်မှလည်း မင်းပြားမြို့ကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်၊ ဘူးသီးတောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်‌ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများကိုလည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအား ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency