ငပလီရှိ ခမရ ၅၆၆ တပ်ကို AA စတင်ထိုးစစ်ဆင်

ငပလီရှိ ခမရ ၅၆၆ တပ်ကို AA စတင်ထိုးစစ်ဆင်

 ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)တပ်ကို အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲတွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)သည် လေဆိပ်အနီး Amazing Ngapali Resort ဟိုတယ်အထိ ထိန်းချုပ်ထားပြီးနောက် ညပိုင်းတွင် ခမရ(၅၆၆)ကို ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

"စစ်ကောင်စီတပ်စခန်း ကျဖို့များနေပြီ။ ခလရ(၅၅)နဲ့ ခမရ (၅၆၆)ပူးပေါင်းတပ်က တပ်ဆုတ်နေပြီလို့ ကြားတယ်။ ဘယ်ကနေ ဘယ်ဖက်ကို ဆုတ်တယ်ဆိုတာ အတည်ပြုဖို့ခက်သေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ ညပိုင်းတွင် ပြောသည်။

တပ်ဆုတ်နေသည့်သတင်းကို Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထို့အပြင် လေဆိပ်အနီးရှိ ခမရ(၅၆၆)မှ တပ်သားများ ခလရ (၅၅)တပ်အတွင်းသို့ သွားရောက်ပူးပေါင်းနေကာ လက်နက်ချရန် လုပ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ခမရ(၅၆၆)တပ်ရှိ လက်နက်များကို ဂျိတ္တောရဲစခန်းသို့ ရွေ့ပြီး   ဂျိတ္တောတွင် သတိဝရိယနှင့်နေထိုင်ကြရန် မခြေအနေအရ ညတွင်း ခြင်းပြေးရနိုင်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသည်။

"အခု ငပလီ ခလရ(၅၅)တပ်နား နတ်ရေကန်၊ အရင် ဓူဝံကြယ်ဆိုင် အနောက်ဖက် လမ်းကြားမှာ လူနှစ်ဦး ပစ်သတ်ခံထားရတယ်။ အလောင်း မကောက်နိုင်သေးဘူး။"ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။

ဇွန်လ(၂၂)ရက်နေ့ နေ့ ညပိုင်းကလည်း သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာကို AA ဝင်ရောက်သည်ဆိုသော သတင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ်နှစ်လုံးပျက်စီးပြီး (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲတိုက်ပွဲကြောင့် ဒေသခံများလည်း ယနေ့ညနေပိုင်းတွင် ဘေးကင်းသို့ အများအပြားတိမ်းရှောင်နေကြသည်။

လက်ရှိအခြေနေကြောင့် စစ်ကောင်စီတပ်၏ တပ်မိသားစုများကလည်း ယနေ့တွင် နာရေးကားများ ကားရမ်းကာ ထွက်ပြေးတိမ်းရှောင်ရန်အတွက် လုပ်ဆောင်နေကြသည်ဟုလည်း သိရသည်။