ရိဒ်ခေါ်ဒါရ်မြို့တွင် ရောက်ရှိနေထိုင်သည့် CDM စစ်သား၊ ရဲ များအား လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် စစ်ဥပဒေဆိုင်ရာများ ပညာပေးဆွေးနွေး

ရိဒ်ခေါ်ဒါရ်မြို့တွင် ရောက်ရှိနေထိုင်သည့် CDM စစ်သား၊ ရဲ များအား လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် စစ်ဥပဒေဆိုင်ရာများ ပညာပေးဆွေးနွေး

ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့တွင် ရောက်ရှိနေထိုင်သည့် CDM စစ်သားနှင့် ရဲ (၁၆)ဦးအား လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ နှင့် အသွင်ကူးပြောင်းကာလတရားမျှတရေး စသည့် ခေါင်းစဉ်များဖြင့် ပညာပေးဆွေးနွေးကြောင်း ပြည်သူ့ပန်းတိုင်-People’s Goal အဖွဲ့ထံမှ သိရသည်။

ပညာပေးဆွေးနွေးခြင်း အစီအစဉ်အား ပြည်သူ့ပန်းတိုင်မှ ကိုကောင်းသူဝင်း (CDM ဗိုလ်ကြီး) ဦးဆောင်ကာ ပေါင်းစည်းလမ်း ပညာပေးသင်တန်းအစီအစဉ်အနေဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် CDM စစ်သားနှင့် ရဲများက သိရှိလိုသည်များကို မေးမြန်းပြီး ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် စစ်ကောင်စီတပ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်ရာဇဝတ်မှုများကို ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ အောက်ခြေစစ်သားအများစုအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာများ ၊ စစ်အတွင်း လိုက်နာရမည့် ဥပဒေများ ၊ ဂျီနီဗာကွန်ဗင်ရှင်း သဘောတူမှုများ စသည်တို့ကို သိရှိမှုအားနည်းသည့်အတွက် အသိပညာ ဗဟုသုတပေးခြင်းဖြင့် စစ်တပ်မှ ချိုးဖောက်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ကိုယ်တိုင်ပါဝင်ဖော်ထုတ်ကူညီနိုင်ရန် ရည်ရွယ်ပြီး ပညာပေးအစီအစဉ်များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ခဲ့သည့် CDM စစ်သားနှင့်ရဲများသည် ရပ်ရွာအကျိုးပြုလုပ်ငန်းအနေဖြင့် ရိဒ်ခေါ်ဒါရ်ရှိ မြို့လယ်ဓမ္မာရုံတွင် အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်သူ့ပန်းတိုင် အဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော် ကာလအတွင်း စစ်တပ်က နည်းမျိုးစုံဖြင့်ထွက်လာသည့် CDM စစ်မှုထမ်းများကို အကူအညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး စစ်တပ်က ရိုက်သွင်းထားသည့် မှားယွင်းသည့် အတွေးအခေါ်များနှင့် သတင်းအမှားများကို ချိုးဖျက်ရန် တန်ပြန်လုပ်ဆောင်မှုများ ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

#TachileikNewsAgency

Photo: ပြည်သူ့ပန်းတိုင် - People's Goal