မြင်းခြံမြို့နယ် ရွာရှည်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်

မြင်းခြံမြို့နယ် ရွာရှည်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ ရွာရှည်ရွာအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နှစ်ရက်ကြာ ခုခံတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း ၉) မှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အင်အား(၂၀၀ )ခန့်ပါဝင်သည့် စစ်ကြောင်းသည် မေလ (၁၃)ရက်နေ့ နံနက်(၁၀)နာရီခန့်မှစတင်၍ ရွာရှည်ရွာသို့ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ခုခံစစ်ကြောင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် ရှေ့ဆက်မတိုးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မေလ ၁၄ရက်နေ့ နံနက် (၆)နာရီခန့်တွင် စစ်ကောင်စီတပ်ဘက်မှ နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီရေတပ်မှ ပစ်ကူပေးခြင်း အပါအဝင် ဝေဟင်မှ Drone များဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

လက်နက်အင်အားမမျှသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီမှ ရွာရှည်ရွာအား ရွာလုံးကျွတ်မီးရှို့၍ အရပ်သား (၄) ဦးအား သတ်ဖြတ်သွားသည်ဟု MBT အဖွဲ့မှ ဆိုသည်။

နှစ်ရက်တာ ခုခံစစ်အား MBT မြင်းခြံခရိုင်တပ်ရင်း ၉ နှင့်အတူ မြင်းခြံခရိုင်တပ်ရင်း ၆၊ တပ်ခွဲ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊Bright Star Group၊ဗိုလ်၆၀ တပ်ဖွဲ့၊Popa Guerilla Force၊Royal Eagle People Defence၊ Myingyan Danger Dynamit၊ Drone Fighter Kani - D. F. K၊Anyar Federal Task Force၊ 27 Volution Force၊BGF နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency