ကမ်းထောင်းကြီးမြို့ရှိ ဆေးရုံနှင့် စာသင်ကျောင်းကို စစ်ကောင်စီဗုံးကြဲ ဒေသခံတစ်ဦး သေဆုံး

ကမ်းထောင်းကြီးမြို့ရှိ ဆေးရုံနှင့် စာသင်ကျောင်းကို စစ်ကောင်စီဗုံးကြဲ ဒေသခံတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၁)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ကမ်းထောင်းကြီးဆေးရုံနှင့် စာသင်ကျောင်းတို့ကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံး(၃)လုံး လာရောက်ကြဲချရာ ဆေးရုံနှင့် စာသင်ကျောင်း ပျက်စီးပြီး အနီးရှိ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးသည်ဟု သိရသည်။ 

“၁၂ နာရီကျော်မှာ အထက်တန်းကျောင်းကို ဗုံးတစ်လုံးကြဲပြီးတော့ ဆေးရုံကို ဗုံးနှစ်လုံး ကြဲချသွားတာ။ စာသင်ကျောင်းကော ဆေးရုံပါ ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ရွာသစ်ရပ်ကွက်နေ ဒေါ်မသိန်း (၇၀)နှစ်ဖြစ်သည်ဟု သိရသည်။ 

အာရက္ခတပ်တော်(AA)က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း အသိပေးပြီး နှစ်ရက်အကြာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို စစ်ကောင်စီကဗုံးကြဲသဖြင့် အရပ်သား (၅)ဦးသေဆုံးပြီး (၉)ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

#TachileikNewsAgency

#TNA_MAT

Photo:APM