ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ ဗျူဟာဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် စခန်းများကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA)က ၂၀၂၄ ခုနှစ် မေလ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လက်ရှိတွင် အဆိုပါစခန်းများမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏သင်တန်းဆင်းအဖွဲ့များကို အာရက္ခတပ်တော်က လိုက်လံတိုက်ခိုက်နေ၍ ဘူးသီးတောင်မြို့နှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှပါ တိုက်ခိုက်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် စခန်းများဖြစ်ကြသည့် ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) က ၂၀၂၄ ခုနှစ်၊ မေလ (၁၈)ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
အာရက္ခတပ်တော် (AA) က စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်းတို့ကို မေလ (၁၈)ရက်နေ့တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃) နှင့် ခမရ (၂၃၃) တပ်ရင်း (၄) ရင်းကို မေလ (၁၄) ရက်နေ့ ၌လည်းကောင်း၊ နခခ(၃) ကို မေလ (၁၃)ရက်နေ့တွင် လည်းကောင်း၊ နခခ (၈)စခန်းအား မေလ (၁၆)ရက်နေ့တွင်လည်းကောင်း အာရက္ခတပ်တော် (AA)က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency