ပဲခူးတိုင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းထံ အဓမ္မစစ်မှုထမ်းစေခိုင်းခံရသည့် ရခိုင်လူမျိုးတစ်ဦး ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်မဲ့ခိုလှုံလာကြောင်း သိရသည်။
သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် တပ်သား အောင်တင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅) ဗျူဟာစစ်ကြောင်းထံ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။
“ဂိတ်ကကျန်တဲ့ စစ်ကောင်စီတပ်သားတွေအလစ်မှာ ထွက်ပြေးလာတာပါ။ တောထဲမှာ ကျွန်တော်တို့ရှိတယ်ဆိုပြီး ထွက်ပြေးလာရင်းကနေ ရဲဘော်တွေနဲ့တွေ့လို့ အလင်းဝင်လာတာပါ။ လက်နက်မဲ့ပါ။”ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅) ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
တပ်သား အောင်တင်မြင့်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ကားစီးလာစဥ် အုတ်ဖိုတာဆုံ စစ်ဆေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက စစ်ဆေးဖမ်းဆီး၍ စစ်တပ်အတွင်း မဝင်ပါက ထောင်(၅)နှစ်ချမည်ဟု ခြိမ်းခြောက်သဖြင့် စစ်မှုထမ်းအပတ်စဥ်(၆) တပ်သားဖြစ်လာရသည်ဟု ဆိုသည်။
ဝရမ်းပြေး စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်ကောင်စီတပ်သားများအနေဖြင့် အလင်းဝင်ကြရန်နှင့် ၎င်းတော်လှန်ရေးတပ်ဖွဲထံ လက်နက်နှင့်အတူ အလင်းဝင်လာပါက ထိုက်တန်စွာ ချီးမြှင့်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)