မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီအတွက် သန်းခေါင်းစာရင်းကောက်ယူနေစဉ် လက်နက်ယူကာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်သား (၂)ဦးဖြစ်သည့် ရေစကြိုမြို့နယ် ခလရ(၂၅၇)မှ တပ်သား ကိုဦးနှင့် ခလရ(၂၅၈)မှ တပ်သား စိုးလင်းအောင်တို့သည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့က ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူနေစဉ် ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့သည် နေ့လယ်(၂)နာရီအချိန်ခန့်တွင် ထွက်ပြေးလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ သတင်းအရ လိုက်လံရှာဖွေခဲ့ပြီး နိုဝင်ဘာလ (၁၇)ရက်နေ့ နေ့လယ်အချိန်တွင် ရေစကြိုမြို့နယ် တစ်နေရာ၌ ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
ထွက်ပြေးလာသူ(၂)ဦး ယူဆောင်လာသည့် MA-1 နှစ်လက်၊ ကျည်ဘောက် (၉)ခုနှင့် (၅.၅၆)ကျည် (၄၅၀)တောင့်ခန့်အား ရေစကြိုမြို့နယ်(ပ.က.ဖ)က တစ်ဦးလျှင် ဆုငွေ (၁၅)သိန်းကျပ်စီ ပေးအပ်သည်ဟု သိရသည်။
ရေစကြိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ပြည်သူ့ဘက်အား လုံခြုံစိတ်ချစွာ ဘက်ပြောင်းခိုလှုံကြရန် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်တွန်းထားသည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်