ပြည်ပအားကိုး ပုဆိန်ရိုးဟု ကြွေးကြော်ထားသည့် အာဏာသိမ်း စစ်ကောင်စီက ရေဘေးအတွက် ပြည်ပနိုင်ငံများထံက အကူအညီများ ရရှိရန် အမြန်ဆုံး ချိတ်ဆက်ခိုင်းထား

ပြည်ပအားကိုး ပုဆိန်ရိုးဟု ကြွေးကြော်ထားသည့် အာဏာသိမ်း စစ်ကောင်စီက ရေဘေးအတွက် ပြည်ပနိုင်ငံများထံက အကူအညီများ ရရှိရန် အမြန်ဆုံး ချိတ်ဆက်ခိုင်းထား

 ပြည်ပအားကိုး ပုဆိန်ရိုးဟု ကြွေးကြော်ထားသည့် အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့် ပတ်သက်ပြီး ရေဘေးသင့်ပြည်သူများကို ကူညီပေးနိုင်ရန်  တာဝန်ရှိသူများအနေဖြင့် ပြည်ပနိုင်ငံများ၏ အကူအညီများ ရရှိရေးအတွက် အမြန်ဆုံးချိတ်ဆက်ခိုင်းထားကြောင်း သိရသည်။



အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ကို ခံနေရည့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အင်ပြည့် အားပြည့် လုပ်ဆောင်ရန်၊ ရေဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ကူညီမှုများ ရောက်ရှိရန် နှင့် တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်ကြောင့် ရေကြီးရေ လျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ  ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချိတ်ဆက် ရယူနိုင်ရေးဆောင် ရွက်သွားရန်လိုကြောင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့က မှာကြားထားကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် (၃)ရက်မြောက်နေ့ဖြစ်သော ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လမ်းတံတားများကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် လူလုံးထွက်ပြလာသည့် အခြေအနေများကို သတင်းထုတ်ပြန်ထားချက်အရ တွေ့ရသည်။

မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသ တာချီလိတ်မြို့ အပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ မြို့ပေါ် နှင့် ကျေးရွာများအထိ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေလျှက်ရှိရာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို နှင့် ထိုင်းနိုင်ငံတို့၏ တပ်မတော်က လေတပ် နှင့် ရေတပ်များကို ပြည်သူ့ကယ်ဆယ်ရေးအတွက် ဝေဟင် နှင့် မြေပြင်ထိပါ သွားရောက်ပြီး ကူညီကယ်ဆယ်ပေးနေသည်ကို တွေ့ရသော်လည်း မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ပြည်သူများကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ပေးခြင်း မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း စက်တင်ဘာလ(၁၀)ရက်နေ့က စက်တင်ဘာလ(၁၃)ရက်နေ့ (၃)ရက်အတွင်း ရေထဲမျောပါသူနှင့် မြေပြို၍ သေဆုံးသူအရေအတွက်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၏ စာရင်းများအရ တစ်ထောင်ကျော်နေပြီ ဖြစ်ကြောင်း သိသည်။

 

#TachileikNewsAgency