ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့ပေါ်တွင် တပ်မ (၁၀၁)မှ စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားအား တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ကြောင်း Shwe Nyar Myae PDF ထံမှ သိရသည်။

ပခုက္ကူမြို့ တပ်မ (၁၀၁) မှ စစ်သား (၅)ဦး လိုက်ပါလာသည့် အိမ်စီးကားကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ ည (၇)နာရီခွဲခန့်တွင် ပခုက္ကူမြို့ပေါ်ရှိ သီတာလမ်းနှင့် မြို့ရှောင်လမ်းအနီးတွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်သားများလိုက်ပါလာသည့် ကားသည် ပခုက္ကူမြို့ရှောင်လမ်း အရှေ့ဘက်မှ မောင်းနှင်လာစဉ် သီတာလမ်းဂိတ်မရောက်ခင်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရှိန်လွန်ကာ သီတာလမ်းထိပ်ရှိ ၎င်းတို့ ဂိတ်စခန်းနားအထိ ရောက်ရှိသွားခဲ့ကြောင်း Shwe Nyar Myae PDF က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကားပေါ်ပါ စစ်သား (၄)ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကောင်စီဘက်မှ ကားအား ကရိန်းဖြင့် ဆွဲသွားပြီး ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုအား မြိုင်ပကဖ တပ်ရင်း(၃) တပ်ခွဲ (၄)နှင့် Shwe Nyar Myae PDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency