စစ်ခေါင်းဆောင် တာဝန်ယူခဲ့သည့် နပခ ပျက်သုဥ်း

စစ်ခေါင်းဆောင် တာဝန်ယူခဲ့သည့် နပခ ပျက်သုဥ်း

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းမှ ဒုတိုင်းမှူး၊ စစ်ဦးစီးချုပ်တို့ကို ဖမ်းဆီးရမိထားသည့် ဓါတ်ပုံကို AA က ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ 

ရခိုင်ပြည်နယ် အမ်းမြို့ရှိ နပခဌာနချုပ်အား AA က တိုက်ခိုက်သိမ်းပိုက်ရာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ထားသည်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံး ပျက်သုဥ်းသွားပြီဖြစ်သည်။ 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် မင်းအောင်လှိုင်လက်ထက် ဒုတိယမြောက် ပျက်သုဥ်းသွားသည့် ဌာနချုပ်ဖြစ်ပြီး ပထမပျက်သုဥ်းသွားသည့် ဌာနချုပ်မှာ MNDAA သိမ်းပိုက်လိုက်သည့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဖြစ်သည်။ 

"တိုင်းမှူးဘဝမှာကတည်းက နွားသူခိုးလောက်ဖမ်းပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်သွားတာဆိုတော့ ပျက်ပြီပေါ့ဗျာ။"ဟု စစ်ခေါင်းဆောင်နှင့် နီးစပ်ဖူးသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။ 

မင်းအောင်လှိုင်သည် တိုင်းမှူးဘဝတွင် စစ်တိုက်ဖူးခြင်းမရှိဘဲ နွားသူခိုးဖမ်းခြင်း၊ လူကုန်ကူးမှုဖမ်းခြင်း၊ သစ်ဖမ်းခြင်းများဖြင့်သာ အချိန်ကုန်ခဲ့ရသည်ဟု သူကဆက်ပြောသည်။

နပခဌာနချုပ်ကို AA သိမ်းနေစဥ် စစ်ခေါင်းဆောင်သည် နေပြည်တော်ရှိ အားကစားပြိုင်ပွဲ ပိတ်ပွဲကို တက်ကာ အဆိုပါ ပြိုင်ပွဲသည် နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း ပြောဆိုသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ(၈)ရက်နေ့ကလည်း မောင်တောမြို့ နခခ ၅ မှ ကစဉ့်ကလျား ထွက်ပြေးနေကြသော ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို AA က ဖမ်းဆီးမိသေးသည်။ 

ထို့အပြင် မောင်တော နခခ ၅ မှ ထွက်ပြေးသည့် အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂)၏ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ရွှေထည်များ၊ ငွေကျပ်သိန်း(၈၀၀)နှင့်အတူ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် အသေဖမ်းမိသည်ဟုလည်း AA ဘက်က ထုတ်ပြန်သည်။ 

ထို့ကြောင့် AA သည် တစ်ပတ်အတွင်း စစ်ဗိုလ်ချုပ် (၄)ဦးကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ တပ်စခန်းများအားလုံးသိမ်းပြီး နောက်ဆုံးကျန်တိုင်း စစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီ၏ မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ်အား ဒီဇင်ဘာလ (၂၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုအဖြစ် မျှဝေဂုဏ်ပြုသည်ဟု AA က ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် AA သိမ်းပိုက်ရန် စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုဌာနချုပ်တစ်ခုသာ ကြီးမားသည့် တပ်စခန်းကျန်တော့သည်။

အမ်းမြို့နယ်တစ်ခုလုံးအား အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သောကြောင့် (၁၄)မြို့မြောက်ကို AA ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။

ယခင်သိမ်းပိုက်ထားသော (၁၃)မြို့မှာ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်နှင့် မောင်တောတို့ ဖြစ်သည်။ 

သံတွဲမြို့ကိုလည်း AA က သိမ်းပိုက်ထားပြီဖြစ်သဖြင့် သံတွဲ-တောင်ကုတ်အစပ်က စစ်ခေါင်းဆောင်၏ ဇနီး ကြူကြူလှ၏ ဇီးကျွန်းရွာနှင့် အမျိုးများအားလုံးလည်း AA လက်အောက်ရောက်နေသည်။

#TachileikNewsAgency

Photo: AA Info Desk