ရေစကြိုမြို့နယ်တွင် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ရေစကြိုမြို့နယ်တွင် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ) မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရေစကြိုမြို့နယ်ထဲ ဝင်ရောက်လာချိန် ဇူလိုင်လ (၉) ရက်နေ့ ညနေသုံးနာရီခွဲတွင် သဲပုံအနောက် ကျေးရွာနှင့် ရွာထောင်ကျေးရွာကြားအရောက်တွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

PDF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Drone နှင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ (၆၀) မမ များဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ပြီး အနီးကပ်တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နေရာတင်လဲကျသွားသည်ကို မျက်မြင်တွေ့ခဲ့ရပြီး သေဆုံးမှုအခြေအနေများနှင့်ပက်သက်ပြီး အတည်မပြုနိုင်သေးကြောင်း ရေစကြိုမြို့နယ် (ပ.က.ဖ)မှ ဆိုသည်။

အဆိုပါစစ်ကြောင်းအား နောက်မှလိုက်လံ တိုက်ခိုက်ရှင်းလင်းခဲ့ရာ (၆၀) မမ အဖူးတစ်ဖူး ၊ ၅.၅၆ မမ ကျည် ၂၀၆ တောင့် ၊ MA ကျည်အိမ် (၂)ခု ၊ ဖုန်း (၂)လုံးနှင့် ပိုက်ဆံ (၁၂၅,၀၀၀) ကျပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

တိုက်ခိုက်မှုအတွင်း PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့် ပခုက္ကူခရိုင် အမှတ်(၉)တပ်ရင်းတို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency