ဖားကန့်မြို့တွင် လက်နက်ကြီးထိမှန်ကာ အမျိုးသမီးတစ်ဦး သေဆုံး

ဖားကန့်မြို့တွင် လက်နက်ကြီးထိမှန်ကာ အမျိုးသမီးတစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“လက်နက်ကြီးသံတွေက မနေ့ညပိုင်းကပဲစကြားရတယ်။ ဒီနေ့ မနက်(၆)နာရီလောက်မှာ အေးမြသာယာရပ်ကွက် မိသားစု ကဖေးရှေ့လမ်းကို လက်နက်ကြီးကျပြီး အမျိုးသမီးကြီးတစ်ဦး ထိမှန်သေဆုံးသွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

လက်ရှိတွင် ဖားကန့်မြို့၌ အင်တာနက်လိုင်းမရသည့်အပြင် စစ်ကောင်စီတပ်ကို သတင်းပေးဗုံးကြဲခိုင်းမည်စိုးရိမ်သဖြင့် တော်လှန်ရေးတပ်များဘက်ကလည်း Star Link ကိုပင် ဆိုင်သုံးမှန်သမျှ လိုက်ပိတ်ခိုင်းနေခြင်းကြောင့် သတင်းအချက်အလက် ပြတ်တောက်နေသည်ဟု ဆိုသည်။

“လက်နက်ကြီးက ကျောက်စိမ်းရုံးကပစ်နေတယ်နေမယ်။ ဒီဖက်ကလဲ ဒရုန်းနဲ့ ချနဲ့ အသံတွေကတော့ ကြားနေရဆဲပဲ။ သိထားတာကတော့ ဆိုင်းတောင် Lucky Man က အခုထိ မသိမ်းနိုင်သေးဘူး။ စစ်ကောင်စီတပ်သားတွေ ရွာထဲကလည်း မထွက်ကြသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေကို သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ များထံ Tachileik News Agency က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

#TachileikNewsAgency