ကလေးမြို့နယ်၏ တောင်ပိုင်း ကျေးရွာအချို့တွင် အာဏာသိမ်းစစ်တပ်က နေအိမ်များ မီးရှို့

Photo: CJ
Photo: CJ
ကလေးမြို့နယ်၏ တောင်ပိုင်း ကျေးရွာအချို့တွင် အာဏာသိမ်းစစ်တပ်က နေအိမ်များ မီးရှို့
ဒီဇင်ဘာ 4, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ တောင်ပိုင်းတွင်ရောက်နေသည့် အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဆင်ရွာနှင့် အိုးမြေထူးကျေးရွာများတွင် နေအိမ်များကို မီးရှို့သွားပြီး ဒေသခံအချို့ကို ဖမ်းဆီးကြောင်း သိရသည်။

 

 အာဏာသိမ်းစစ်တပ်သည် ယမန်နေ့ညက ကလေးမြို့နယ်တောင်ပိုင်း ဆင်ချောင်းဝဘက်တွင် စခန်းချခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် ကျေးရွာငယ်တစ်ရွာဖြစ်သည့် ဆင်ရွာတွင် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းတပ်က ကလေးမြို့တောင်ပိုင်း ဆင်ချောင်းဝမှနေ၍ နံနက်ပိုင်းတွင် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်၍ ရွေ့လျားလာကြပြီး ချောင်းခွကျေးရွာသား (၄) ဦးကိုလည်း ဖမ်းခေါ်သွားကြောင်း သိရသည်။ 

အာဏာသိမ်းတပ် အင်အား (၃၀)ခန့်နှင့် သတင်းပေးဒလန်များပါဝင်သည့်အဖွဲ့သည် ဆင်ရွာတွင် နေအိမ် (၅)လုံး၊ နွားစာတိုက် (၂)လုံး၊ စပါးတိုက် (၂)လုံးနှင့် ဆန်စက် (၁) လုံးတို့ကို မီးရှို့သွားပြီး အိုးမြေထူးရွာတွင်လည်း နေအိမ်များထပ်ရှို့သွားကြောင်း သိရသည်။

အာဏာသိမ်းတပ်က ကျေးရွာများအတွင်း မီးရှို့ကာ ဒေသခံများအား ဖမ်းဆီးမှုကြောင့် ဆင်ရွာ၊ အင်းဒင်၊ ပေါက်တော၊ အိုးမြေတူးကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။