မကွေးတိုင်း၊ ငဖဲမြို့ရှိ PRA-Magway ခြေကုပ်ယူထားသည့်စစ်ဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားရာဂဏန်းများစွာဖြင့် ထိုးစစ်ဆင်နေပြီး ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၈) ရက်နေ့တွင် လေကြောင်း၊ လက်နက်ကြီးများဖြင့်ပါ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြောင်း PRA-Magway က သတင်းထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်က PRA-Magway ခြေကုတ်ယူထားသည့် စစ်ဒေသကို ရဟတ်ယာဉ် (၂) စီး၊ လေယာဉ် (၁) စီး၊ မြေပြင်အမြှောက်တပ်တို့ဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကာ ယခင်နေ့များက တိုက်ခိုက်မှုများအတွင်း အထိနာထားသည့် ခြေလျင်တပ်များက ထိုးစစ်ကိုရပ်ထားကြောင်း သိရသည်။
ယင်းနေရာကို ဧပြီလ(၆)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်သည် အင်အား(၆၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်မှ (၂၀)ကျော်သေဆုံးသည်ဟု PRA - Mgway က ခန့်မှဣ်းထားသည်။
အာဏာသိမ်းတပ်က ငဖဲမြို့ အနောက်ဖက်(၁၆)မိုင်အကွာခန့်ရှိ ရေယာဉ်တောင်ကြောကို စစ်ကြောင်းထိုးလာရာ People Revolution Alliance(PRA Magway) နှင့် Asho Chin Defence Force(ACDF)တို့က ပူးပေါင်းကာ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့က ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ဒဏ်ရာရနှင့် သေဆုံးသူများကိုသယ်ကာ ဆုတ်ခွာသွားခဲ့ကြပြီး ယနေ့တွင် လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။