မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ် ဆရာဝန်ထိုင်သော နန်းလုံးကြိုင်ဆေးရုံ လက်နက်ကြီးကျ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ် ဆရာဝန်ထိုင်သော နန်းလုံးကြိုင်ဆေးရုံ လက်နက်ကြီးကျ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) အနီးရှိ ကြံ့ဖွံ့ပါတီရုံးအနီးကို လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး စစ်ကောင်စီတပ် ဆရာဝန်များထိုင်သည့် နန်းလုံးကြိုင်(ဒေသအခေါ် နှမ်းလုံးကြိုင်)ဆေးရုံ ပျက်စီးသည်ဟု ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်တွင် မြစ်ကြီးနားမြို့တဝိုက် ပေါက်ကွဲသံများကြားရပြီးနောက် ကြက်ပေါင်ခြံ၊ မြို့သစ်ကြီးနှင့် ရမ်ပူရပ်ကွက်အစပ်ရှိ ကြံ့ဖွံ့ရုံးအနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ တစ်ဖာလုံခန့်အကွာရှိ နန်းလုံးကြိုင်ဆေးရုံ ပျက်စီးခြင်းဖြစ်သည်ဟု ဆိုသည်။

“ကြံ့ခိုင်ရေးရုံးနဲ့ တစ်အိမ်ကျော်လောက်ပေါ့နော် အရင်က ဆေးရုံဖွင့်ဖို့လျာထားတဲ့အိမ် အခုတော့ ဆေးရုံမဖွင့်ဖြစ်သေးဘူး။ လက်နက်ကြီးကျလို့ မှန်တချို့တဝက်ကွဲသွားတယ်။ ဖုန်းကြိုးတွေလည်း ပြတ်ကျတယ်။ ကြံ့ခိုင်ရေးရုံးကို သွားမထိဘူး။ ဘယ်ကကျတဲ့ လက်နက်လဲမသိဘူး။”ဟု မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲချိန်တွင် ကြံ့ခိုင်ရေးရုံးအတွင်း စစ်ကောင်စီတပ်ကားနှစ်စီးရှိနေပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားများကို မတွေ့ရှိသောကြောင့် ကင်းပုန်းဝပ်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

နန်းလုံးကြိုင်ဆေးရုံတွင် စစ်ကောင်စီတပ် သားဖွားမီးယပ် ဆရာဝန် ဒေါက်တာသိန်းထွန်းဦးထိုင်ပြီး သူတစ်ဦးတည်းပိုင်အဖြစ် ဆောက်လုပ်ထားခြင်းဖြစ်ကာ ယခင်က ကျောက်ကပ်ဆေးရုံအဖြစ်ဖွင့်လှစ်ရန် လျာထားခြင်းဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။

“အဲဒီနေ့ မနက် ၇ နာရီလောက်မှာတော့ အဲဒီဆေးရုံထဲမှာ စစ်ကောင်စီတပ်သားတွေ အများကြီးတွေ့ခဲ့တယ်။ ရှော့တိုက်ဒုံးကြောင့်လား လက်နက်ကြီးကြောင့်လားတော့ မသိဘူး။ သူက တပ်နဲ့လည်း နီးတယ်ဆိုတော့။ တပ်ကပစ်တဲ့ဟာက(ကျည်)၊ ပြီးတော့ အဲဒီမှာကျတာလည်း ဖြစ်နိုင်တယ်။ အရင်တစ်ခေါက်တုန်းကလည်း ကြက်ပေါင်ခြံရပ်ကွက်မှာ ကျည်မအောင်ဘဲကျတာမျိုးတွေရှိဖူးတယ်။”ဟု မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်ဘက်ကမူ ကြံ့ဖွံ့ပါတီရုံးဝန်း၏ မြောက်ဖက်(ရေနုတ်တူးမြောင်းနှင့် သုံးအိမ်ခြား) မြို့သစ်ကြီးစျေးအနီး နှမ်းလုံးကြိုင်တိုက် အနောက် မီးဖိုဆောင်ပေါ်သို့ ရှော့တိုက်ဗုံးဟုယူဆရသည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လူထိခိုက်မှုမရှိဟု ဖော်ပြသည်။ 

ဒီဇင်ဘာလ (၄)ရက်နေ့ ည(၁၂)နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနားမြို့ (တပ်ကုန်း)ရာဒါကောင့်ဘီရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ် သို့ ဗုံးကျရောက်ပေါက်ကွဲရာ နေအိမ်ထိခိုက်ပျက်စီးပြီး လူတစ်ဦးဒဏ်ရာရသည်ဟု ဒေသခံများက ဆိုသည်။

“စစ်ကောင်စီတပ်က ဒရုန်းနဲ့များ ဗုံးကြဲတာလားမသိဘူး။ ည ၁၂ နာရီကွက်တိမှာတော့ နှစ်လုံး အသံအရမ်းကျယ်တယ်။ လက်နက်ကြီးပစ်သံတော့မဟုတ်ဘူး။”ဟု မြစ်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ဒီဇင်ဘာ(၄)ရက်နေ့ နံနက်ပိုင်းကစတင်ကာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသဖြင့် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ပေါ် ဒရုန်းများပျံဝဲခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။

#TachileikNewsAgency