သဲကုန်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှုးအား PDF မှ ပစ်ခတ်ရှင်းလင်း

သဲကုန်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှုးအား PDF မှ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ဓားသွေးကျောက်အုပ်စု ကျွဲတဲရွာနေ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သဲကုန်းမြို့နယ် ကျွဲတဲရွာမှ အုပ်ချုပ်ရေးမှုးအား ဇူလိုင်လ (၁၆)ရက်နေ့ ည (၉)နာရီအချိန်တွင် ၎င်း၏ နေအိမ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှုးသည် ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ရာအိမ်မှူးမှ အုပ်ချုပ်ရေးမှူးနေရာသို့ အစားထိုးဝင်ရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

၎င်းသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်မှုထမ်းစုဆောင်းခြင်း၊ စစ်ကောင်စီထံ လိမ်လည်သတင်းပေးမှုကြောင့် ပြည်သူ (၂)ဦး PDF ထောက်ပို့ဟု ဆိုကာ ဖမ်းဆီးခံရခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအား စစ်ကောင်စီထံ ထောက်လှမ်းပေးပို့နေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း PPDF-၃၆၀၁ တပ်ရင်းမှ ဆိုသည်။

ပြည်ခရိုင်အတွင်း စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူးများကို ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အချိန်မှီနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကြရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency