လားရှိုးတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ မြို့အထွက်တွင် ပိတ်မိနေ

လားရှိုးတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ မြို့အထွက်တွင် ပိတ်မိနေ
ဇူလိုင် 20, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိနေကာ တိမ်းရှောင်နေကြသည့် ဒေသခံများ မြို့အထွက်ဂိတ်တွင် ပိတ်မိနေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ MNDAA က ဇူလိုင်လကုန်အထိ အပစ်ရပ်သည်ဟု တဖက်သတ်ကြေညာထားသော်လည်း လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်နေကာ တိမ်းရှောင်ရန်ထွက်လာသည့် ဒေသခံများလည်း ပိတ်မိနေသည်ဟု သိရသည်။

“လားရှိုးမြို့ထဲက သံချပ်ကာကားတွေလည်း ပတ်သွားနေတယ်။ ကျန်နေတဲ့ ဒေသခံတွေတော်တော်များများ ထွက်ကုန်ကြပြီပေါ့။ မြို့အထွက် မုခ်ဦးမှာ လေကြောင်းကနေ ဗုံးကြဲလို့ဆိုပြီး ပိတ်ထားလို့ တချို့တွေက ပြန်လှည့်နေကြတယ်။ မုဒ်ဦးကျော်တာနဲ့ တိုက်ပွဲကဖြစ်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲသည် လားရှိုးမြို့ အထက်မန်အိုင် (၅၀၇)ကုန်း၊ ခလရ (၆၈)နှင့် လားရှိုးမြို့ မုခ်ဦးအနီးရှိ ခလရ(၄၁)တပ်တို့ တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ရပ်ကွက်များအတွင်းသို့လည်း လက်နက်ကြီးများကျနေသည်ဟု သိရသည်။

“ကားတွေထောင်ချီပြီးပိတ်မိနေတယ်။ အခြေအနေက ဆိုးဖို့ပဲရှိတော့ ရှောင်ကြတာပေါ့။ MNDAA ကလည်း လကုန်အထိ အပစ်ရပ်တယ်ဆိုတော့။ အခုက အပစ်ရပ်တယ်ဆိုပေမယ့် စစ်ကောင်စီဘက်ကလည်း လက်ကြီး၊ လေကြောင်းပစ်ခတ်မှုရှိတော့ တိုက်ပွဲဆက်ဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ(၁၉)ရက်နေ့ကလည်း လားရှိုးမြို့အဝင်ရှိ စစ်ကောင်စီ၏ ခလရ(၄၁)တပ်နှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်အများဆုံးနေထိုင်သည့် ဆုန်ကွယ်ရွာအနီးရှိ ဝန်တင်တပ်ရင်းတို့တွင် တိုက်ပွဲဖြစ်နေပြီး ခလရ (၄၁)မီးလောင်ခဲ့သည်။ 

တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်နှင့် စစ်ပွဲများရပ်တန့်ရေး တောင်းဆိုချက်ကို တက်ကြွစွာတုံ့ပြန်ရန်အတွက် ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ထိုးစစ်များကို ရပ်တန့်ထားပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ပါက ခုခံကာကွယ်နိုင်သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ