ဆင်ခေါင်းရွာကို ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများ အလောင်းပင်မကောက်နိုင်ဘဲ ထွက်ပြေးရ

ဆင်ခေါင်းရွာကို ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများ အလောင်းပင်မကောက်နိုင်ဘဲ ထွက်ပြေးရ

ရခိုင်ပြည်နယ် သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ရုတ်တရက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ၂၀၂၄ ခုနှစ် ‌ဇွန်လ (၄)ရက်နေ့တွင် ကြည်း၊ ရေ၊ လေ ဖြင့်တိုက်ခိုက်ရာ တစ်ရွာလုံးနီးပါး ပျက်စီးပြီး ဒေသခံများ ထွက်ပြေးကြရသည်ဟု သိရသည်။

စစ်ကောင်စီသည် ယနေ့ နံနက်ပိုင်းတွင် ဆင်ခေါင်းရွာ မော်ဖျားအပိုင်းကို နေဗီမှ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲခြင်းကြောင့် အမျိုးသမီးတစ်ဦးသေကာ (၅)ဦး ဒဏ်ရာရပြီး နေအိမ်(၅)လုံး ပျက်စီးသွားသည်ဟု သိရသည်။

"မနက်ပိုင်း မော်ဖျားကို လေယာဉ်(၂)စီး၊ နေဗီ(၂)စီးကနေ (၃)ကြိမ်ပစ်တာ။ မော်ဖျားအပိုင်းကိုကျပြီး အမျိုးသမီးတစ်ဦးသေတယ်၊ (၅)ဦး ဒဏ်ရာရတယ်။ နေအိမ်(၅)လုံး ပျက်စီးသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ထို့နောက် နေ့လယ် (၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် ‌ဆင်ခေါင်းတစ်ရွာလုံးကို တိုက်ခိုက်ရာ ဒေသခံများ ထိခိုက်သေဆုံးသူများပြီး အလောင်းပင် မကောက်နိုင်ဘဲ ထွက်ပြေးရသည်ဟု ဆိုသည်။

"လူမနည်းဘူး သေတယ်။ ရခိုင်စုအပိုင်းနေအိမ် အကုန်ပြိုကျသွားတယ်။ ဆင်ခေါင်းရွာအတွင်းမှာလဲ နေအိမ်တွေတော်တော်များများ ပျက်စီးတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းကအစ ပျက်စီးသွားတယ်။ AA ရှိတယ်အထင်နဲ့ ဘယ်လိုသတင်းရပြီး လာပစ်တာလဲမသိဘူး။ တကယ်က မရှိဘူး။ အလောင်းတောင်မကောက်နိုင်ဘူး ပြေးရတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံများသည် သဗြုချိုင်ရွာ၊ တောင်ကုတ်မြို့နှင့် ကင်းမော်၊ သံတွဲမြို့များသို့ ထွက်ပြေးကြရကာ ရွာပျက်ကြီးအဖြစ် ကျန်ခဲ့ရသည်ဟု ဆိုသည်။

"လက်နက်ကြီးက အလုံး(၅၀)လောက်ကျတယ်။ လေယာဉ်နဲ့က တခါကြဲရင် ဗုံး(၅)လုံးကြဲတာ။ ဘာမှယူချိန်မရဘူး ပြေးရတာပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တစ်ရက်လုံး စိတ်ကြိုက်ပစ်ခတ်ပြီးနောက် ညနေ (၆)နာရီတွင် ပစ်ခတ်မှု ရပ်သွားသော်လည်း ည(၉)နာရီတွင် ဆက်ပစ်နေ၍ ဒေသခံများ နေရပ်သို့ မပြန်ရဲကြတော့ဘဲ တိမ်းရှောင်နေရသည်ဟု သိရသည်။

"(၃)ထပ်တိုက်တောင် ပြိုကျတယ်။ အဲဒီလောက်ကို ပစ်တာ။ ဦးလေးရဲ့အိမ်ဆို နောက်ဖေးမီးဖိုချောင်ပြိုကျသွားတယ်။ ဦးလေးရဲ့ ဗိုက်ကို ဗုံးစရှပ်ထိတယ်။ အမျိုးသမီးက နောက်စေ့ ထိတယ်။ ဘေးအိမ်က ကျောင်းဆရာမ ခြေပြတ်တယ်၊ လက်ပြတ်တယ်။ တောင်ကုတ်ကိုသယ်သွားတာ လမ်းမှာဆုံးသွားတယ်။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေဖြင့် ဆင်ခေါင်းရွာကို ပစ်ခတ်မှုကြောင့် ဒေသခံ(၃၀)ဦးဝန်းကျင် ဒဏ်ရာရနှင့် သေဆုံးသူရှိနိုင်ကာ နေရပ်မပြန်နိုင်၍ သေဆုံးသူများကို အတိတကျမသိနိုင်ဟုလည်း ဒေသခံများကပြောဆိုသည်။

ဆင်ခေါင်းရွာကို ပစ်ခတ်ပြီးနောက် ညပိုင်းတွင် ဆင်ခေါင်းနှင့် (၃)မိုင်ခန့်ဝေးသည့် ကျောက်ကြီးပြင်ရွာအနီး၌ အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သည်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ကျောက်ကြီးပြင်အနီး ကျောက်ကာတောင်နှင့် ပျို့ချောင်းကြား၌ တိုက်ပွဲဖြစ်‌နေပြီး အနီးရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

#TachileikNewsAgency

Photo: CJ