ကျောက်ဆည်မြို့တွင် တောင်ကျချောင်းရေနှင့်မျောပါသွားသည့် ကားနှင့် သေဆုံးနေသည့် ယာဉ်မောင်းကို ပြန်တွေ့

ကျောက်ဆည်မြို့တွင် တောင်ကျချောင်းရေနှင့်မျောပါသွားသည့် ကားနှင့် သေဆုံးနေသည့် ယာဉ်မောင်းကို ပြန်တွေ့
အောက်တိုဘာ 2, 2024 | အခြားဒေသများ

မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် တောင်ကျချောင်းရေကြောင့် ကားနှင့်ယာဉ်မောင်း ချောင်းအတွင်သို့ မျောပါသွားရာက ယာဉ်မောင်းကို ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)ထံမှ သိရသည်။

ယမန်နေ့က ကျောက်ဆည်-ဘိလပ်မြေစက်ရုံအနီးတွင် တောင်ကျချောင်းရေစီးသန်နေချိန် ဖြတ်မောင်းရာက Probox ကားမှာ ရေထဲမျောသွားခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယာဉ်မောင်းအား သေဆုံးလျှက် ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့သဖြင့် ယာဉ်နှင့် ယာဉ်မောင်း ဖြစ်သူ၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး)၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် စက်ရုံတာဝန်ရှိသူများ၊ ဝန်ထမ်းများက ပူးပေါင်း ဆယ်ယူခဲ့ကြသည်ဟု သိရသည်။

မန္တလေးတိုင်းတွင် မြစ်သားမြို့နယ်ရှိ ကင်းတားဆည် ရေလှောင်တမံမှ ရေထပ်လွှတ်၍ ဝမ်းတွင်း၊ မြစ်သားနှင့် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအများ ရေကြီးနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ