အိုးပိုင် အိမ်ပိုင်နှင့် မနေဖူးသည့် အာဏာသိမ်း စစ်တပ်က နေအိမ်(၁၂၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ (၃)ဦးကို သတ်သွား

အိုးပိုင် အိမ်ပိုင်နှင့် မနေဖူးသည့် အာဏာသိမ်း စစ်တပ်က နေအိမ်(၁၂၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ (၃)ဦးကို သတ်သွား

 စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ရွာတော်ကျေးရွာအား အာဏာသိမ်းစစ်ကောင်စီတပ်၏ အဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်(၁၂၀)ဝန်းကျင် မီးလောင် ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူ သတ်ခံခဲ့ရကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ၏ သတင်းနှင့်ပြန်ကြားရေးကော်မတီက အောက်တိုဘာလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက အင်အား (၃၀)ဝန်းကျင်ဖြင့် ဝင်ရောက်လာပြီး ကြမ်းကြမ်းတမ်းတမ်း ဆဲဆို ရမ်းကားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် နေအိမ်(၁၂၀) မီးလောင်ပျက်စီးခဲ့ရသလို ကျေးရွာနေ အပြစ်မဲ့ ပြည်သူ (၃)ဦး သတ်ခံရပြီး နွား(၆)ကောင် နှင့် ဆိတ်(၂)ကောင်လည်း သေဆုံးခဲ့ရသည်ဟု သိရသည်။

အဆိုပါ ကျေးရွာတွင် ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားသမဂ္ဂများ အခြေစိုက်ထားသည့် ကျေးရွာဖြစ်ပြီး မီးရှိုးဖျက်ဆီးခံရမှုကြောင့် ကျောင်းသားသမဂ္ဂများ၏ ကွန်ပျူတာ (၂)လုံး နှင့် ကာလာပရင့်တာ(၁)လုံး နှင့် အခြား ပစ္စည်းများ မီးရှို့ခံလိုက်ရကြောင်း သိရသည်။

အိုးပိုင် အိမ်ပိုင်နှင့် မနေဖူးဘဲ စစ်တန်းလျားတွင်တာ ဘဝကို အဆုံးသတ်နေကြရသည့် အာဏာသိမ်းစစ်တပ်၏ အောက်ခြေစစ်သားများက ပြည်သူများ၏ နေအိမ်များကို PDF များနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ကိုယ်ချင်းစာမဲ့ မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာပေါင်း (၅၉၉၁)ရွာအနက် စစ်အာဏာရှင်စနစ်ကို မထောက်ခံသည့် ကျေးရွာများအား NUG နှင့် PDF များကို ထောက်ခံသူများဟု သတ်မှတ်ကာ  အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းပေးထားသည့် ပျူစောထီးများဟုခေါ်သည့် ပြည်သူ့စစ်များနှင့် ကျေးရွာများသို့ တစ်ရွာဝင် တစ်ရွာထွက် ပြုလုပ်ပြီး ဒေသခံ ပြည်သူများကို ရမ်းကား နှိပ်စက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိပြီး ထိုသို့ လုပ်ဆောင်ပြီးနောက် ၎င်းတို့၏ စစ်တိုင်းဌာနအဆင့်ဆင့်သို့ ဖြစ်စဉ်ကို လိမ်လည်တင်ပြလေ့ရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ