VPN အသုံးပြုပါက ထောင်(၃)နှစ်၊ ငွေဒဏ်(၁)သိန်း ပေးဆောင်ရမည်ဟု စစ်ကောင်စီတပ်က ရန်ကုန်တွင် လော်နဲ့ လိုက်အော်နေ

VPN အသုံးပြုပါက ထောင်(၃)နှစ်၊ ငွေဒဏ်(၁)သိန်း ပေးဆောင်ရမည်ဟု စစ်ကောင်စီတပ်က ရန်ကုန်တွင် လော်နဲ့ လိုက်အော်နေ
ဇန်နဝါရီ 26, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ်က VPN အသုံးပြုပါက ထောင်ဒဏ် (၃)နှစ် နှင့် ငွေဒဏ်(၁)သိန်းပေးဆောင်ရမည်ဟု လိုက်လံ အော်ပြောနေသည်။

မနက် (၆)နာရီလောက်က စစ်ကား(၃)စီးနဲ့ VPN သုံးရင် ထောင်(၃)နှစ်၊ ငွေဒဏ်(၁)သိန်း ပေးဆောင်ရမယ်လို့ လော်နဲ့ လိုက်အော်နေတယ်။ တခြားမှာတော့ မကြားသေးဘူး။ မနေ့ညကတော့ ဆူးလေမှာ ညနေ အပြန်ကို စစ်တယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်အစောပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကား(၃)စီးဖြင့် ရောက်ရှိလာပြီး လိုက်လံအော်ကာ အသိပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ အာဏာကို အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က သိမ်းယူထားပြီး (၁)နှစ်ပြည့်လုနီးပါး ဖြစ်သည့်အချိန်အထိ မထိန်းနိုင်သေးသည့်အပြင် ပြည်သူများ၏ လူမှုကွန်ရက်အင်အားကို ကြောက်ရွံ့နေ၍ အမျိုးမျိုး ပိတ်ပင်မှုများ ပြုလုပ်လာပြီးနောက် ယခုအခါတွင် VPN အသုံးပြုမှုများအထိပါ ကန့်သတ်လာရန် ကြိုးစားနေကြခြင်း ဖြစ်သည်။