ဂန့်ဂေါမြို့နယ်အတွင်း စန်းမြို့ရွာကို အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးတို့ မီးရှို့၍ နေအိမ် (၃၂)လုံး မီးလောင်ဆုံးရှုံး

ဂန့်ဂေါမြို့နယ်အတွင်း စန်းမြို့ရွာကို အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးတို့ မီးရှို့၍ နေအိမ် (၃၂)လုံး မီးလောင်ဆုံးရှုံး
ဒီဇင်ဘာ 22, 2021 | အခြားဒေသများ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စန်းမြို့ရွာကို အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးတို့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့က မီးရှို့သဖြင့် နေအိမ် (၃၂) လုံး  မီးလောင်ဆုံးရှုံးသွားသည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကားအစီးရေ (၂၀) ကျော်သည် ရေမျက်နီတွင် တပ်စွဲထားသည်ကိုတွေ့ရပြီး ဂန့်ဂေါမြို့နယ်အတွင်းဝင်ရောက်လာဖွယ်ရှိ၍ စစ်ဆေးတင်းမာမည့်အနေအထားရှိနေသည်ဟု သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်းမှ စန်းမြို့ရွာသို့ အာဏာသိမ်းစစ်တပ်က ပျူစောထီးအဖွဲ့နှင့်အတူ ဒီဇင်ဘာလ (၂၀) ရက်နေ့ကတည်းက ဝင်၍တပ်စွဲနေသဖြင့် ဒေသခံများ ရွာနှင့်ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ရွာတွင်း၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးတို့က ယမန်နေ့ နေ့လယ်ပိုင်းကတည်းက ကျေးရွာအတွင်း မီးစတင်ရှို့ရာ ညသန်းခေါင်ကျော်သည်အထိ ရွာဘက်မှ မီးတောက်များတက်နေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ဝင်မွှေနေသဖြင့် ကျေးရွာအများအပြားမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။