ဇီးကုန်းမြို့နယ်တွင် ရာအိမ်မှူး တိုက်ခိုက်ခံရပြီးနောက် ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်

ဇီးကုန်းမြို့နယ်တွင် ရာအိမ်မှူး တိုက်ခိုက်ခံရပြီးနောက် ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်

ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ရာအိမ်မှူး တိုက်ခိုက်ခံရပြီးနောက် ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းအား အသင့်စောင့်ကြို ထပ်မံတိုက်ခိုက်ကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ထံမှ သိရသည်။

ဇီးကုန်းမြို့နယ် မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာမှ စစ်ကောင်စီအမာခံ ရာအိမ်မှူးထွန်းထွန်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက် (၃) နာရီတွင် တော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရာအိမ်မှူးထွန်းထွန်းသည် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း ရာအိမ်မှူးကောက်ယူထားသည့် သန်းခေါင်စာရင်းနှင့် လေသေနတ်တလက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရာအိမ်မှူးထွန်းထွန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် ဘော်ဘင်ရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများ ရောက်ရှိလာမည်ကို ကြိုသိထား၍ မီးကောက်ပင်အုပ်စု မီးကောက်ပင်ရွာထိပ် ပျူဟာလမ်းတွင် ယင်းနေ့ နံနက် (၄)နာရီခွဲခန့်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် အသင့်စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၆) နာရီခန့်တွင် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား၌ ထိတွေ့တိုက်ပွဲ မိနစ် (၂၀)ခန့် ဖြစ်ပွားခဲ့ပြီး ၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသည်ဟု သိရှိရကြောင်း BTZM GBK PDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နှင့် တပ်ရင်း-၃၈၀၂ တပ်ခွဲ (၁) Dragon Brothers တပ်ဖွဲ့နှင့် တပ်ရင်း- ၃၈၀၁ တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency