ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်

ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်
အောက်တိုဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို Khin U Specialforce Organization-KSOက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ (၁၅)ရက်နေ့ ညပိုင်းက ခင်ဦးနယ် အနောက်တောင်ခြမ်း သက်ပေးရွာတွင် ညအိပ်သော အင်အား(၁၀၀)ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နံနက်တွင် သက်ပေးရွာမှ မြောက်ဘက် မူးသာရွာ အရှေ့မြောက်ဘက် ရေဦး-ညောင်ပင်သာ ကားလမ်းအနီး မြေလတ်ကြားတစ်နေရာသို့ ရှေ့ပြေးအဖွဲ့ ကင်းတိုးလာရာ Khin U Specialforce Organization-KSOတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ကို KSO တပ်ဖွဲ့မှ မိုင်း(၄)လုံး တပြိုင်တည်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးသူရှိပြီး မိုင်းဆွဲရဲဘော်(၂)ဦးအား စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ဟုဆိုသည်။ 

စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ရေဦး မူးမြစ်ကူးတံတားမှတစ်ဆင့် ရေဦးဘက်ကူးသွားရာ ဒဏ်ရာရရှိသူများအား ‌ဆိုင်ကယ်(၂)စီးဖြင့် သယ်ဆောင်သွားကြပြီး ကျန်အင်အားများက ကားကြီး(၄)စီးဖြင့် ရေဦးမြို့အဝင်တွင် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

 

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၃)ရက်နေ့ကစတင်ကာ ရွှေဘိုနယ်အနောက်ခြမ်း ညောင်ပင်သာ(စိုက်ပျိုးရေးခြံ)မှထွက်လာခဲ့ပြီးနောက် သရက်ပင်ဝန်းရွာမှတဆင့် ခင်ဦးအနောက်ခြမ်း ကြာပင်အိုင်၊ ညောင်ပင်ကြီးစုရွာသို့ ဝင်ရောက်လာကာ အရပ်သားတစ်ဦးအား သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်များ ဝင်ရောက်ခဲ့သည့် ကျေးရွာများအတွင်းတွင်လည်း နင်းမိုင်းများထောင်ထားခဲ့ခြင်းကြောင့် တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ ကျေးရွာများအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းများ မပြုလုပ်ကြရန်နှင့် ကာကွယ်ရေးအဖွဲ့အစည်းများမှ မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီးမှသာ ဝင်ရောက်ကြရန် သတိပေးထားသည်။

#TachileikNewsAgency