ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ စစ်ကောင်စီ ဝန်ထမ်းအိမ်ရာများ ဆိုးရွားစွာ ပျက်စီးသွားပြီး သေဆုံးသူများ၏ အပုပ်နံ့များ ထွက်နေပြီဟုဆို

ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ စစ်ကောင်စီ ဝန်ထမ်းအိမ်ရာများ ဆိုးရွားစွာ ပျက်စီးသွားပြီး သေဆုံးသူများ၏ အပုပ်နံ့များ ထွက်နေပြီဟုဆို

 အင်အားပြင်း ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ စစ်ကောင်စီဝန်ထမ်းအိမ်ရာများ ဆိုးရွားစွာ ပြိုကျ ပျက်စီးသွားပြီး အဆောက်အဦးများကြား ပိတ်မိကာ  သေဆုံးသူများတွင် အပုပ်နံ့ထွက်နေပြီဟု စစ်ကောင်စီလော်ဘီ နောင်တော်လေးကိုယ်တိုင်က ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် ရုပ်သံရိုက်ကူး၍ ပြောဆိုလာသည်။

၎င်းသည် ဇဗ္ဗူသီရိမြို့နယ်ရှိ စစ်ကောင်စီ ဝန်ထမ်းအိမ်ရာအတွင်းသို့ ဝင်ရောက်၍ ရုပ်သံရိုက် ကူးပြောဆိုရာတွင် (၄)လွှာရှိသည့် ဝန်ထမ်းလိုင်းခန်းများမှာ မြေညီထပ် မြေကျွံဝင်သွားပြီး သေဆုံးသူများ၏ အပုပ်နံ့ပင်ထွက်နေပြီဟု ပြောဆိုသည်။

“ဝန်ထမ်းလိုင်းခန်းတွေက (၄)လွှာစီ ရှိတာပေါ့နော်။ အပေါ်မှာ (၃)လွှာပဲကျန်ခဲ့တယ်။ တစ်လွှာမြေကြီးထဲကို မြုပ်ဝင်သွားတယ်။ ဒီမှာလည်း အပုပ်နံ့ထွက်နေတာ လူသေရှိတယ်လို့ ယူဆရတယ်ပေါ့နော်။”ဟု လက်ညိုးထိုး၍ အပုပ်နံ့ထွက်နေသည့်နေရာကို ပြောပြသည်။

ဝန်ထမ်းအိမ်ရာများမှာ ဆိုးရွားစွာ ပျက်စီးသွားပြီး စစ်ကောင်စီ ဝန်ထမ်းများ မနေရဲတော့ဘဲ ပြောင်းရွေ့သွားပြီဟုလည်း ဆိုသည်။ 

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများဖြစ်သည့် ခရေအိမ်ရာ တိုက်အမှတ်(၁၃၂)၊ (၁၃၃)၊ (၁၃၄)၊ ဧက ၁၀၀၀ တိုက်အမှတ်(၁၃၂၂)၊ (၁၃၂၇)၊ တိုက်အမှတ်(၁၃၀၇)တို့မှာ ပြိုကျပျက်စီးခဲ့ပြီး တိုက်အမှတ်(၁၃၀၇) ပြိုကျမှုတွင် လူသေဆုံးမှုရှိသည်ဟု ဆိုသည်။ 

အဆိုပါတိုက်များမှ ဝန်ထမ်းများကို အားကစားကွင်းကဲ့သို့ ကျယ်ပျံ့သည့်နေရာများတွင် ရွက်ဖျင်တဲများဆောက်လုပ် နေရာချထားပေးမည်ဖြစ်ပြီး ဆေးဝါးရိက္ခာများလည်း ဖြည့်ဆည်းပေးထားမည်ဟု စစ်ကောင်စီပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ်ပြောဆိုသည်။