ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီက ရခိုင်အမျိုးသားပါတီ ကို ဖျက်သိမ်းလိုစိတ်ဖြင့် ပါတီ မှတ်ပုံတင်ခွင့် မပေး

ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီက ရခိုင်အမျိုးသားပါတီ ကို ဖျက်သိမ်းလိုစိတ်ဖြင့် ပါတီ မှတ်ပုံတင်ခွင့် မပေး

ရခိုင်ပြည်နယ်ရှိ အသင်းအဖွဲ့များနှင့် ပါတီများကို စစ်ရှုံးစစ်ကောင်စီက နိုင်ငံရေး မကျေနပ်ချက်များဖြင့် ပယ်ဖျက် နေရာ စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်နေသည့် ပါတီဝင်ဟောင်း ဒေါ်အေးနုစိန် ပါဝင်ခဲ့သော ရခိုင်အမျိုးသားပါတီ(ANP)လည်း ပါတီမှတ်ပုံတင်ခွင့် ပယ်ချ ခံရမှုတွင် ပါဝင်လာသည်။ 

စစ်ကောင်စီသည် အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုသည့် စွပ်စွဲချက်များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အသင်းအဖွဲ့ များ၊ ပါတီများကို စုံစမ်းစစ်ဆေး၍ မှတ်ပုံတင်ပယ်ဖျက်ခြင်းများလုပ်ဆောင်နေရာ ရခိုင်အမျိုးသားပါတီ(ANP)ကို လည်း ပါတီဆက်လက်တည်ထောင်ခွင့် ပယ်ချလိုက်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က  ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့၏ ညပိုင်းက  ထုတ်ပြန်ကြေညာလာသည်။ 

ရခိုင်အမျိုးသားပါတီ(ANP)သည် ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရခဲ့သည့် ပါတီဖြစ်ပြီး စစ်ကောင်စီဘက်ကမူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၇)ပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွှတ်ခြင်း မရှိဟု သတ်မှတ်ပြီး မှတ်ပုံတင်ခွင့်ကို ငြင်းပယ်သည်ဟုဆိုသော်လည်း မည်သည့်အချက်နှင့် ညှိစွန်း နေသည်ကိုမူ တိကျစွာထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၇)တွင် မတရားအသင်းအဖြစ် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း ကြေညာခြင်းခံရသည့် အဖွဲ့အစည်း၊ နိုင်ငံတော်အား ဆန့်ကျင်နေ သည့် လက်နက်ကိုင်အဖွဲ့အစည်းများ(သို့မဟုတ်)ယင်းအဖွဲ့ အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးကူညီသည့်အဖွဲ့အစည်းများကို မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်း မရှိစေရဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

“ANP ပါတီကို သူတို့က ပြန်ပြီးတော့ မှတ်ပုံတင်ခိုင်းတယ်ဆိုတော့ ပါတီအသစ်ဖြစ်သွားပြီပေါ့နော်။ အဲဒီတော့ ပါတီအသစ် တည်ထောင်သူအသစ်တွေ ဥပမာ (၁၅)ယောက်ဖြစ်ချင်ဖြစ်မယ်၊ (၂၀)ဦးဖြစ်ချင်ဖြစ်မယ်။ အဲဒီလို ဗဟိုကော်မတီဝင်တွေက UEC ကို လက်မှတ်ထိုးပြီးတော့ တင်ကြရတာဖြစ်တဲ့အတွက် ပါတီအသစ်ဖြစ်သွားတာပေါ့။ ပါတီအသစ်ဖြစ်သွားတော့ အဲဒီပါတီတည်ထောင်သူတွေအပေါ်မှာ ဆုံးဖြတ်ရမှာ။ အဲဒီလူတွေက တရားမဝင်အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်သလား၊ ပါဝင်ကူညီသလား အဲဒီအပေါ်မှာပဲ ဆုံးဖြတ်ရမှာ။ အရင်ပါတီဝင်အဟောင်းတွေနဲ့ သွားပြီးတော့ ဆုံးဖြတ်လို့ မရဘူးပေါ့။ အရင်ပါတီဝင်တွေကတော့ကိုယ့် လမ်းကြောင်းနဲ့ ကိုယ် ကြိုက်ရာရွေးကြမှာပေါ့နော်။ အဲဒီလူရဲ့လုပ်ရပ်က ပါတီမှတ်ပုံအသစ်တင်တဲ့ကိစ္စနဲ့ ဘာမှ မသက်ဆိုင်ဘူး။”ဟု ANP ပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက Tachileik News Agency ကို ဇူလိုင်လ(၂)ရက်နေ့တွင် ပြောသည်။



ပါတီတည်ထောင်သူများအား တရားမဝင်အသင်းအဖွဲ့များနှင့် ဆက်သွယ်သည်ဆိုသည့် တိကျသည့်အထောက်အထားမရှိဘဲ စွပ်စွဲထုတ်ပြန်ခြင်းဖြစ်ပြီး တိတိကျကျမ ည်သူကိုဆိုသည်ကို စိစစ်၍ စစ်ကောင်စီက ထုတ်ပြန်သင့်ကာ ပါတီဝင်တစ်ဦးမှာ တရားမဝင် လမ်းကြောင်းပေါ်ရှိနေခြင်းကြောင့် ပါတီဖျက်သိမ်းရခြင်းမှာ မဖြစ်သင့်ဘဲ ပါတီကိုဖျက်သိမ်းလို၍ လုပ်ဆောင်ခြင်းသာဖြစ်သည်ဟုလည်း ဆိုသည်။

“အခုပါတီအသစ်မှတ်ပုံတင်တဲ့ လူတွေထဲမှာ တရားမဝင်အသင်းအဖွဲ့နဲ့ဆက်သွယ်တဲ့ အထောက်အထားရှိရင်တော့ အရေးယူရင် ယူ၊ ဒါမှ မဟုတ်ရင် အဲဒီလူတွေကို ပါတီဗဟိုလူစာရင်းက မှတ်ပုံတင်နဲ့ လူစာရင်းထုတ်ပေးပါ ပေါ့ UEC က အဲဒီလိုပြောရမှာ။ အရင်လူတွေကို မပြောနဲ့  အရင်လူတွေက စစ်တပ်အာဏာသိမ်းတဲ့ ကာလမှာ ကိုယ်ကြိုက်ရာရွေးကြမှာပဲ။ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်ဆိုရင် စကစမှာ ပါတာပဲကို။”ဟု ဦးဖေသန်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို AA ကသိမ်းပိုက်ထားရာ စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲမှာလည်း အထမမြောက်နိုင်သည့် အခြေအနေ ဖြစ်နေသည်။ 

လက်ရှိတွင် ရခိုင်ပြည်နယ်၌ အာရက္ခတပ်တော်(AA)သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက် တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး မောင်တော၊ အမ်း၊ သံတွဲမြို့တွင်တိုက်ပွဲဖြစ်နေသည်။