အမ်းမြို့ နပခကို စစ်ကူပို့သည့် စစ်ကောင်စီတပ်များအား လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်ကို PRA-Magway တိုက်ခိုက်

အမ်းမြို့ နပခကို စစ်ကူပို့သည့် စစ်ကောင်စီတပ်များအား လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်ကို PRA-Magway တိုက်ခိုက်

ရခိုင်ပြည်နယ် အမ်းမြို့ နပခဌာနချုပ်သို့ စစ်ကူပို့သည့် စစ်ကောင်စီတပ်များအား လုံခြုံရေးယူပေးနေသည့် အင်အား(၄၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်အား ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)က တိုက်ခိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ မစခ(၉၀၅) လက်အောက်ခံတပ်များနှင့် စစ်မှုထမ်းသင်တန်းဆင်းများပါဝင်သည့် အင်အား(၄၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းတော့မဟုတ်ဘူး။ လမ်းပိုင်းကို လုံခြုံရေးယူတဲ့သူတွေနဲ့ ကားပျက်လို့ကျန်ခဲ့တဲ့သူတွေစုပေါင်းပြီးတော့ အင်အား(၄၀)လောက် ဂုတ်ကြီးဘက်ကို တက်လာတဲ့အချိန်မှာ ကျွန်တော်တို့က ခြုံခိုပြီးတော့ တိုက်ခိုက်ခဲ့တာပေါ့။ မနေ့က ယာဉ်တန်းတက်တာကို လုံခြုံရေးယူတဲ့သူတွေနဲ့ ယာဉ်တန်းကနေ ကားပျက်လို့ ကျန်ခဲ့တဲ့သူတွေနဲ့ ပူးပေါင်းထားတဲ့ စစ်ကြောင်းပေါ့။”ဟု PRA-Magway တပ်ဖွဲ့မှ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က Tachileik News Agency ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် (၁၅)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီး အဆင့်အပါအဝင် (၉)ဦးသေဆုံးကာ (၁၀)ဦးခန့်ဒဏ်ရာရသည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

“လက်ရှိက စစ်ကောင်စီက အမ်းဖက်ကို အင်အားတွေဖြည့်နေတာပေါ့နော်။ နပခ မကျဆုံးရေးကို ကြိုးပမ်းနေတာမျိုးတွေရှိတယ်။ အဲဒီတော့ မြေပြင်ကထိုးဖောက်ကြည့်လိုက်၊ ဝေဟင်က အင်အားတွေပို့လိုက်နဲ့ အခြေအနေမျိုးတွေ တွေ့ရတယ်ပေါ့နော်။”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် အမ်း-ပဒါန်းလမ်းကိုအသုံးအပြုကာ အာရက္ခတပ်တော်(AA) ထိုးစစ်ဆင်နေသည့် အမ်းနပခဌာနချုပ်သို့ အင်အား(၅၀၀)ဝန်းကျင် ပို့ဆောင်ခဲ့သော်လည်း တချို့မှာ လမ်းပိုင်းတွင်ပင် ဖြတ်တောက်တိုက်ခိုက်ခံခြင်းများရှိသည်ဟု ဆိုသည်။

“အမ်းအထိရောက်တဲ့ အင်အားကတော့ တော်တော်လေးနည်းတယ်လို့ ပြောလို့ရတယ်။ အမ်းကိုပို့တဲ့ တပ်ရင်းတွေကတော့ အများကြီးဆိုတော့ တော်တော်လေးတော့ ပြောရ ခက်တယ်။ မနေ့ကတက်တဲ့ဟာမျိုးဆို တပ်မ(၈၈)တံဆိပ်တွေ ပါတာမျိုးတွေရှိတယ်။ ပြီး‌တော့ ဘတ်တံဆိပ်အစုံပေါ့ တော်တော်လေးတော့များတယ်။ စုပေါင်းစပ်ပေါင်းတပ်တွေဖြစ်တယ်။ နောက်တချက်ကတော့ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းဆင်းလာတဲ့ တပ်ဖွဲ့ ဝင်အသစ်တွေ ပိုများတယ်ပေါ့နော်။”ဟု ကိုနောင်သူရိန်က ပြောသည်။

ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးသည် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ချမှတ်ထားသည့် စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီး ၎င်းမှ တဆင့် ကျယ်ပြန့်သောစစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: လူထုတော်လှန်ရေးမဟာမိတ်အင်အားစု