အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်နှင့် မြင်းဘက်ရပ်ကွက်အတွင်း နေအိမ်များပြိုကျ၍ ပိတ်မိနေသူ (၃၃)ဦး အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီး တစ်ဦး သေဆုံးသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပိတ်မိနေသူများအား ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေရာ (၃၃)ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၁)ဦးအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မြန်မာတစ်နိုင်ငံအတိုင်းအတာအရ သေဆုံးဦးရေ တိုးလာနေသည်ဟု သိရသည်။
ပျော်ဘွယ်မြို့နယ်အတွင်း သေဆုံးသူ (၁၆၁)ဦးရှိကာ ဒဏ်ရာရရှိသူ (၁၁၆)ဦး ရှိထားပြီဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ငလျင်ကြောင့် ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းအချိန်ထိ ဘုရားစေတီ(၂)ဆူ၊ ဘုန်းကြီးကျောင်း (၃)ကျောင်းနှင့် လူနေအိမ်အဆောက်အဦး (၁၀၇)လုံး ပျက်စီးသည်ဟု သိရသည်။
ထို့အပြင် ဒဏ်ရာရသူ (၁၁၆)ဦး၊ သေဆုံးသူ(၁၆၁)ဦးနှင့် လမ်းပိုင်းပျက်စီးမှု (၃)ခုရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုက်ဆောင်နေသည်ဟု သိရသည်။
#TachileikNewsAgency
Photo: Myanmar Fire Services Department