ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို လှည့်လည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ၂၀၂၄ ခုနှစ် မေလ ( ၁၆ ) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ (၇) ရွာကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ၏ ရဲဘော်များ နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ ဆေးဌာနကြီးမှ ရဲဘော်များ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း SAF က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
ကျောင်းသားလက်ရုံးတပ်တော် (SAF) သည် ၎င်းတို့ အခြေစိုက်ရာ စစ်ဒေသများအတွင်း ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးပေးခန်းများ ဖွင့်လှစ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း SAF မှ ဆိုသည်။
ကျောင်းသားလက်ရုံးတပ်တော် (SAF) သည် မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေများတွင် စစ်ရေးအတွေ့အကြုံယူရင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျူဟာစခန်းကို အလုံးစုံသိမ်းပိုက်ရရှိနိုင်ရန် ရက္ခိုင့်တပ်တော် ( AA ) နှင့်အတူ ကျောင်းသားလက်ရုံးတပ်တော် ( SAF ) လည်း အတွေ့အကြုံယူ ပါဝင်တိုက်ခိုက်လျှက်ရှိသည်။