ဘူးသီးတောင်နှင့် အမ်းမြို့ရှိ စစ်ကောင်စီတပ်၏ တပ်ရင်းဌာနချုပ်နှင့် ဗျူဟာစခန်းကုန်းများကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်

ဘူးသီးတောင်နှင့် အမ်းမြို့ရှိ စစ်ကောင်စီတပ်၏ တပ်ရင်းဌာနချုပ်နှင့် ဗျူဟာစခန်းကုန်းများကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ဘူးသီတောင် စကခ(၁၅)လက်အောက်ခံ ခမရ (၅၆၄)တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချိုနှင့် မောင်တော၊ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ၂၀၂၄ ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းကြီးများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်ကာ အခြားသော စခန်းငယ်များကိုလည်း အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းနေသည်ဟု ဆိုသည်။ 

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ဘူးသီးတောင် ခမရ(၅၆၄)တပ်ရင်းဌာနချုပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြေပုံမြိုနယ်၊ စညှင်းကျေးရွာအရှေ့ဖက် မီတာ(၁၅၀၀)ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့်(၂၅၇)စခန်းကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့မှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

အဆိုပါစခန်းသည် စစ်ကောင်စီတပ်၏ ရှေ့တန်းအမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာအမှတ်(၃)စခန်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများကို အသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေသည့်အပြင် ရက္ခိုင့်တပ်တော်ကလည်း ထိုးစစ်အား တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်တင်သောကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။  

မောင်တောနှင့် ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဆိုသည်။

မတ်လ(၃၁)ရက်နေ့တွင် အမ်းမြိုနယ် လုံးရွာအနောက်ဘက် (၁.၄)ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၄)ဦးသေဆုံးကြောင်း သိရသည်။ 

ရက္ခိုင်ဒေသအတွင်း စစ်ရှုံးစစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားနေကာ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်၍ စစ်ရာဇဝတ်မှုများ နေ့စဉ်ကျူးလွန်နေသည်ဟု သိရသည်။

#TachileikNewsAgency