နောင်ချိုမြို့တွင်းကို စစ်ကောင်စီဗုံးနှစ်ကြဲချ၍ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

နောင်ချိုမြို့တွင်းကို စစ်ကောင်စီဗုံးနှစ်ကြဲချ၍ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားသည့် နောင်ချိုမြို့ ထွေအုပ်ရုံးအနီးနှင့် စည်ပင်ရုံးတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချ၍ အရပ်သားတစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရသည်ဟု TNLA ထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ်(၃)နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် ထွေအုပ်ရုံးနှင့် စည်ပင်ရုံးတို့ကို စစ်ကောင်စီတပ်သည် လေယာဉ်နှစ်စီးဖြင့် ဗုံးနှစ်လုံး ကြဲချသွားသည်ဟု ဆိုသည်။

“စည်ပင်နဲ့ ထွေအုပ်ရုံးကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ပစ်သွားတယ်။ ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်။ ရုံးနဲ့ အိမ်တွေပျက်စီး မီးလောင်သွားလို့ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့တယ်။”ဟု TNLA မြေပြင်ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများမှာ အမျိုးသမီးများဖြစ်ကြပြီး သက်ကြီးပိုင်းတစ်ဦးနှင့် အသက်(၁၇)နှစ်အရွယ် ဝန်းကျင်တစ်ဦး အပါ နှစ်ဦးဖြစ်သည်ဟု သိရသည်။

“ရုံးနှစ်ရုံးလုံး ပျက်တယ်။ အိမ်တစ်လုံး ပျက်တယ်။ ဘေးအိမ်လည်းထိတယ်။ အဖွားတစ်ဦး ဆုံးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဗုံးကြဲတိုက်ခိုက်မှုနှင့် တပြိုင်နက်တည်းပင် ပြင်ဦးလွင်မြို့ရှိ ဧက (၁၀,၀၀၀)မှ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်နေသည့် တောင်းခမ်းဖက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၃)ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ပန်ပေါက်ရွာ တိုးဂိတ်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည်။

TNLA သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားပြီး ၎င်းတို့၏ မဟာမိတ် MNDAA မှာမူ စစ်ကောင်စီနှင့် ဇန်နဝါရီလ(၁၈)ရက်နေ့ကစတင်ကာ တရားဝင်အပစ်ရပ်သွားပြီ ဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:PSLF/TNLA News