ထောင်ဒဏ်(၂၁)နှစ် ချမှတ်ခံထားရသည့် ကျောင်းသားတစ်ဦး အင်းစိန်ထောင်တွင်း၌ သေဆုံး

ထောင်ဒဏ်(၂၁)နှစ် ချမှတ်ခံထားရသည့် ကျောင်းသားတစ်ဦး အင်းစိန်ထောင်တွင်း၌ သေဆုံး
စက်တင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် (၄၄)လမ်းဖြစ်စဉ်နှင့် ဆက်စပ်သဖြင့် ထောင်(၂၁)နှစ် မတရားအမိန့်ချခံထားရသည့် ကျောင်းသားတစ်ဦး အင်းစိန်အကျဉ်းထောင်တွင် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့က နှလုံးရောဂါဖြင့် ကျဆုံးသွားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးထံမှ သိ ရသည်။

၂၀၂၁ခုနှစ်က ဗိုလ်တထောင်မြို့နယ်၊ (၄၄)လမ်းရှိ တိုက်ခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးချိန် တိုက်ပေါ်ကခုန်ချသွားသည့် (၅)ဦးအမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသည့် အသက် (၂၁)နှစ်အရွယ် ကိုမင်းဟိန်းခန့်(ခ)အားကျယ်သည် အင်းစိန်ထောင်တွင်း၌ နှလုံးရောဂါနှင့် ကျဆုံးသွားသဖြင့် မိသားစုထံ ရုပ်အလောင်းလာယူရန် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

“Dead Bodyကိုတော့ ပြန်ပေးမယ်ပေါ့နော်။ မိသားစုကို ဒီနေ့ မင်းတို့ကလေးကိုလာခေါ်ဆိုပြီး ထောင်အာဏာပိုင်တွေက ထုတ်ဖို့ပြောလာတယ်။”ဟု  ထောင်တွင်းနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ကိုမင်းဟိန်းခန့်သည် အဆောင်(၁) အခန်း(၈)၌ နေထိုင်သူဖြစ်ကာ လွန်ခဲ့သည့်(၅)လဝန်းကျင်ကစတင်၍ ထောင်တွင်း၌ နှလုံးရောဂါစတင်ခံစားနေခဲ့ရသဖြင့် ထောင်တွင်းဆေးရုံတွင်သာ ကုသမှုခံယူခဲ့ရပြီး ထောင်တွင်းဆရာဝန်မှ ပြင်ပတွင် နှလုံးအထူးကုဖြင့် ကုသရမည်ဟု ပြောဆိုခဲ့သည်ဟု သိရသည်။ 

“ထောင်ဆရာဝန်က အပြင်မှာ အထူးကုနဲ့ပြမှ အဆင်ပြေမယ်၊ ထောင်ထဲမှာတော့ အရမ်းတော့ ကုလို့မရဘူးလို့ပြောတယ်။ သူထောင်ဆေးရုံမှာ (၅)ရက်လောက်တက်ပြီး ပြန်ဆင်းလာတယ်။ (၈)လပိုင်းမှာ နောက်တစ်ခေါက် မူးလဲသေးတယ်။ သူ့အိမ်ကတော့ ဒီကြားထဲမှာ ဆရာဝန်မှာတဲ့‌ ဆေးတွေပို့ပေးတယ်ပေါ့နော်။ နောက်ဆုံးဖြစ်သွားတာကတော့ မနေ့ကမနက်အထိ သူငယ်ချင်းတွေနဲ့ စကားတွေဘာတွေပြောပြီး ဆော့နေသေးတယ်တဲ့ ပြီးတော့ နေ့လယ်ပိုင်းမှာ ဆုံးသွားတယ်ဆိုပြီးတော့ ထောင်အာဏာပိုင်တွေက မိသားစုကို ညနေပိုင်းမှာ အကြောင်းကြားတယ်။”ဟု ၎င်းကဆက်ပြောသည်။

ဗိုလ်တထောင်မြို့နယ် (၄၄)လမ်းဖြစ်စဉ်တွင် ကိုမင်းဟိန်းခန့် မပါဝင်ခဲ့သော်လည်း အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် ၎င်းကို သင်္ယန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးသွားခဲ့ကာ ၅၀၅(က)ဖြင့် (၃)မှု၊ ၃၀၇ ဖြင့် (၁)မှု၊ အကြမ်းဖက်မှု (၁)မှုတို့ဖြင့် တရားစွဲဆိုကာ ထောင်(၂၁)နှစ် မတရားအမိန့်ချခံထားရသူဖြစ်သည်။

#TachileikNewsAgency